မိုးကောင်းကင်နှင့်တူသော သူငယ်ချင်း-ဇာတ်သိမ်းပိုင်း ( မင်းသိင်္ခ )

အပိုင်း (၁) ၊ အပိုင်း (၂)

အခြားလူတွေအတွက်တော့ မပြောနိုင်ဘူး။ ငါ့အတွက်တော့ နည်းရှိတယ်။ သူဋ္ဌေးဖြစ်တဲ့နည်း၊ အောင်မြင်ကျော် ကြားတဲ့နည်း၊ ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်နည်း၊ အားလုံးရှိတယ်။ အဲဒီနည်းကို ပြောပြပါလို့ ငါ့ကို မပြောနဲ့။ ငါ ပြောမပြတတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ငါ့ရဲ့နည်းဟာ နည်းမဟုတ်တဲ့နည်း ဖြစ်နေလို့ပဲ။ အနာဂါတ်မှာ ငါလျှောက်မယ့် လမ်းဟာလည်း ဖြောင့်ဖြူးနေတယ်ဆိုတာ ငါသိတယ်။ အဲဒီလမ်းကိုလည်း မမေးနဲ့။ အဲဒါကလည်း လမ်းမဟုတ်တဲ့ လမ်းပဲ။ ရှိတော့ ရှိတယ်။ ပြောလို့လည်း မရဘူး။ ပြလို့လည်း မရဘူး ” လို့ မြသွေးက ပြောပြန်တယ်။

အဲဒီတော့ ကျွန်တော်က မင်းပြောသလိုဆိုရင် မိုးကောင်းကင်လိုပဲ ရှိတောရှိတယ်။ ကိုင်လို့ တွယ်လို့ မရဘူးဆိုပါ တော့ ” လို့ ပြောလိုက်တော့ မြသွေးက ရယ်ပြန်တယ်။ “ မင်းပြောသလို မိုးကောင်းကင်လိုပဲ ထားလိုက်ပါတော့။ ဒါပေမယ့် မိုးကောင်းကင်လိုလည်း မဟုတ်သေးဘူး။ နည်းမဟုတ်တဲ့ နည်း၊ လမ်း မဟုတ်တဲ့ လမ်းနဲ့ ငါ အလုပ်လုပ်မယ်။ အဲဒီအခါမှာ ငါ ချမ်းသာရမယ်။ အဲဒီအခါမှာ မင်းတို့နှစ်ယောက်ကို ငါကြည့်ရှု့မယ် ” လို့ ပြောလိုက်တယ်။ အဲဒီတော့ ကျွန်တော်က ...

“ စီးပွားရေး လုပ်တယ်ဆိုတာ နည်းစနစ်တွေ ကျွမ်းကျင်သူတွေရဲ့ အဆိုအမိန့်တွေ ရှိတယ် မဟုတ်လား။ အဲဒီ အတိုင်း မင်း မလုပ်ဘူးလားလို့ ” မေးလိုက်တယ်။ “ မင်းပြောတာတွေက ငါ့အတွက် ကျဉ်းမြောင်းလွန်းပါတယ်။ ငါက လွတ်လွတ်လတ်လတ်မှ ကြိုက်တာ။ ငါ့ဟာ မှန်မမှန် မင်းစောင့်ကြည့်ပေါ့ ” လို့ သူက ပြောပြီး ဆေးလိပ်တိုကို ရေကန်ထဲ ပစ်ချလိုက်တယ်။ ပြီးတော့ နှစ်ယောက်သား နှုတ်ဆက်ပြီး လမ်းခွဲခဲ့ကြတယ်။ အဲဒီနောက်တော့ မတွေ့ဖြစ်တော့ပါဘူး။

တစ်ယောက်နဲ့ တစ်ယောက် မတွေ့ကြတာ ကြာတဲ့အခါမှာ တစ်နှစ်လောက်နေတဲ့ မြသွေးတစ်ယောက် ကျွန်တော် ရုံးကို ရောက်လာတယ်။ ပြီးတော့ ဒီကောင်က ဟေ့ကောင် မင်းတို့ ရုံးက အပြငကို ထွက်လို့ ရသလားလို့ မေးလိုက်တယ်။ ကျွန်တော်လည်း ဒီကောင်ကို မြင်တော့ အတော့်ကို အံ့သြသွားတယ်။ အကောင်းစား သက္ကလတ်နဲ့ ချုပ်ထားတဲ့ ဥရောပ၀တ်စုံကို ၀တ်ထားတယ်။ လက်ထဲမှာလဲ အလွန်ကြီးမားတဲ့ သရေအိပ်ကြီး တစ်လုံး ဆွဲထားတယ်။ သူရဲ့ လက်၀၀ဲဘက်လက်မှာ “ရိုးလက်” နာရီ တစ်လုံး ပတ်ထားတယ်။ ပြီးတော့ အရည်အသွေးကော်းတဲ့ မြကျောက် တစ်ခုက်ု လက်စွတ်ကွင်းပြီး ၀တ်ထားတာ တွေ့ရတယ်။ ဘာပဲ ဖြစ်ဖြစ် ဒီကောင်တော့ ဒိကောင်တော့ အတော့်ကို စီးပွားဖြစ်နေပြီဆိုတာ ထင်ရှားပါတယ်။

“ တို့ ရုံးက အပြင်တွေ ဘာတွေ ထွက်လို့ ရပါတယ်ကွ။ မင်းက တို့ရုံးကို ထောင်များ အောင့်မေ့နေသလား ” လို့ ကျွန်တော်က ပြန်ပြီး ပြောလိုက်တယ်။ ဒါပေမယ့် သူက ဘာမှ မပြောပါဘူး။ “ လွတ်လတ်တယ်ဆိုလည်း ပြီးတာပါပဲကွာ။ ငါက မလွတ်လတ်မှာ စိုးလို့ ” လို့ သူက ပြောပြီး ကျွန်တော်ကို ထမင်းဆိုင် တစ်ဆိုင် ခေါ်သွားတယ်။ ထမင်းဆိုင်မှာ ကျွန်တော်ကို ထမင်းတွေ ဘာတွေ ကြွေးတယ်။ ထမင်းကျွေးရင်းနဲ့ ကျွန်တော်တို့နှစ်ယောက် စကားတွေ ဘာတွေ ပြောကြတယ်။

အဲဒီတော့ ကျွန်တော်က သူ့ကို... “ လုပ်စမ်းပါဦး သူငယ်ချင်း မိုးကောင်းကင်ရဲ့... ဘယ်လိုကနေ ဘယ်လို ကြီးပွား ချမ်းသာလာပြန်တာတုန်း ” လို့ မေးလိုက်တယ်။ “ ဟေ့ကောင် အောင်ထွန်း၊ မင်းကို ငါ တစ်ခု ပြောမယ်။ မင်း ယုံမလား မသိဘူး ” လို့ စကားစလိုက်တယ်။ အဲဒီတော့ ကျွန်တော်က “ ပြောလေကွာ.. နားထောင်ရတာပေါ့ ” လို့ ပြန်ပြီး ပြောလိုက်တယ်။

အဲဒီအခါမှာ မြသွေးက သူ့ရဲ့ ကုတ်အင်္ကျီထဲက ပလက်င်္တနံနဲ့ လုပ်ထားတဲ့ စီးကရက်ဘူး ကလေးကို ထုပ်ယူလိုက် ပြီး အဲဒီနောက်မှာတော့ အကောင်းဆုံး “ရွန်ဆင်” မီးခြစ်နဲ့ စီးကရက်ကို မီးညှိရှိုက်ဖွာ လိုက်တယ်။ ပြီးတော့ မီးခိုးတွေကို မျက်နှာကြက်ဆီကို မှုတ်ထုပ်လိုက်တယ်။ ပြီးတော့ စကားကပြီး ပြောတယ်။

“ ဆင်းရဲခြင်းနဲ့ ချမ်းသာခြင်းဟာ နှစ်ခု မဟုတ်ဘူးနော်။ ပြီးတော့ ဆန့်ကျင်ဘက်လည်း မဟုတ်ဘူ ” သူ့ စကား မရပ်ခင်မှာဘဲ ကျွန်တော်က “ တော်ကွာ” လို့ အော်လိုက်တယ်။ အဲဒီတော့ မြသွေးက ပြုံးတယ်။

“ မင်း ငါပြောတာကို မယုံဘူး မဟုတ်လား ” လို့ ညင်ညင်သာသာ ကလေး ပြန်မေးလိုက်တယ်။

“မင်း ပြောတဲ့ စကားကို ငါတစ်ယောက်ထဲ မယုံတာ မဟုတ်ပါဘူး။ ဘယ်သူ့ကို သွားပြောပြော ယုံမှာ မဟုတ်ဘူး။ ဘယ်သူ့ကို သွားပြောပြော ယုံမှာ မဟုတ်ဘူး။ အဓိပ္ပာယ်လည်း မရှိဘူး ” လို့ ကျွန်တော်က ဒေါနဲ့ မောနဲ့ ပြန်ပြောလိုက်တယ်။ အဲဒီအခါမှာ မြသွေးက ထမင်းဆိုင်ရဲ့ နံရံမှာ ချိပ်ထားတဲ့ အပူအအေးပြတဲ့ ပြဒါးတိုင်လေးကို လက်ညှိုး ညွန်ပြလိုက်တယ်။

“ အောင်ထွန်း... ဟို သာမို မီတာလေးကို ကြည့်စမ်း။ ရာသီဥတု အပူချိန် (၇၅) လို့ ပြထားတယ်။ ဒီထက် ပူလာမယ်ဆိုရင်တော့ ပြဒါးလေးဟာ အေါ့်ကို တက်လာမယ်.။ (၇၅)ကနေ (၈၀) (၈၅) တက်လာမှာပေါ့ကွာ။ အပူချိန် (၁၀၀) ဆိုရင် ငါတို့ အားလုံး ဖျတ်ဖျတ်လူးအောင် ပူနေကြပြီပေါ့။ အဲဒီလိုပဲ ရာသီဥတုအေးလာမယ်ဆိုရင် ပြဒါးလေးဟာ အောက်ကို နိမ့်ကျလာမယ်။ အဲဒီလိုပဲ ရာသီဥတု အေးလာမယ်ဆိုရင် ပြဒါးလေးဟာ အောက်ကို နိမ့်ကျလာမယ်။ (၇၅) ကနေ (၆၀) (၅၅) (၅၀) အဲဒီလို နိမ့်ပြီး ကျလာမှာပေါ့။ (၃၀) လောက်ထိ ကျသွားမယ်ဆိုရင် ရေတွေတောင် ခဲနေပြီ။ အတော့်ကို အေးနေပြီပေါ့။

အဲဒီတော့ မင်းစဉ်းစားကြည့်စမ်း အောင်ထွန်း။ အအေးနဲ့ အပူဆိုတာ တစ်ခုသော သာမိုမီတာရဲ့ ပြချက်တွေ ဖြစ်တယ်။ သီးခြား မဟုတ်ဘူး။ အဲဒီ အပူနဲ့ အအေးဟာ ရာသီဥတုဆိုင်ရာ ခံစားမှု့ကို ဖော်ပြနေတာ ချဉ်းပဲ မဟုတ်လား။ ဆန့်ကျင်ဘက်တွေ မဟုတ်ဘူးကွာ။ အဲဒီလိုပဲ။ ချမ်းသာနဲ့ ဆင်းရဲဟာလည်း တစ်ခုတည်း တပေါင်းတစည်းတည်းပဲ။ သီးခြား မဟုတ်ဘူးလို့ သူက ပြောတယ်။ အဲဒီတော့ ကျွန်တော်က ...

မင်းပြောတာ ဟုတ်သလိုလိုပဲ။ ဒါပေမယ့် နားမလည်ဘူး။ ဆင်းရဲတာနဲ့ ချမ်းသာတာလည်း အတူတူ မဟုတ်ဘူးလို့ ငါ့စိတ်ထဲမှာ ထင်နေတုန်းပဲ။ ငါ့ကို ထပ်ပြီး ရှင်းပြဦး ” အဲဒီအခါမှာ မြသွေးက စီးကရက် မီးခိုးကို မှုတ်ထုပ်လိုက်ရင်း...

ဟေ့ကောင် အောင်ထွန်း ။ မင်း ချမ်းသာခြင်းကို လိုချင်သလား၊ မလိုချင်ဘူးလား

“ လိုချင်တာပေါ့ကွ ”လို့ ပြန်ပြောလိုက်တယ်။ “ လိုချင်တော့ ရသလား ”လို့ ပြန်ပြီး မေးတယ်။

“ မရဘူး ” လို့ ကျွန်တော်က ပြန်ဖြေတယ်။ အဲဒီအခါမှာ မြသွေးက စီးကရက်တိုကို ချပြီး ခြေထောက်နဲ့ နင်းချေရင်း...

“ လိုချင်တာကို မရတာဟာ ဆင်းရဲလား၊ ချမ်းသာလား၊ မင်းဟာမင်း စဉ်းစား” လို့ ပြောလိုက်တယ်။ အဲဒီတော့ ကျွန်တော်က...

“ လိုချင်တာကို မရတာဟာ ဆင်းရဲပေါ့ကွာ ” လို့ ပြန်ပြီး ဖြေလိုက်တယ်။ အဲဒီအခါမှာ မြသွေးက ...

“ မင်းရဲ့ အဖြေကို မင်းပြန် စဉ်းစားပါဦး။ ချမ်းသာနဲ့ ၊ ဆင်းရဲ ဘာများ ကွဲပြားနေလို့လဲ ” လို့ ဒီကောင် ပြောပြန်တယ်။

“ ဒါတွေ မပြောနဲ့ကွာ၊ နား ရှုပ်တယ်။ မင်း ဘယ်လို ချမ်းသာလာတာလဲ ငါ့ကိုပြော ” လို့ ကျွန်တော်က ပူဆာလိုက်တယ်။ အဲဒီအခါမှာ ကျွန်တော်တို့ နှစ်ယောက်စလုံး ထမင်းစားပြီး သွားကြပြီးဖြစ်လို့ စာပွဲထိုးလေးက ပန်းကန်တွေ လာပြီး သိမ်းနေတယ်။ မြသွေးကလည်း ထမင်းဖိုး ရှင်းနေတယ်။ ပြီးတော့ သားရေအိပ်ထဲက အထုပ်တစ်ထုပ်ကို နှိုက်ယူပြီး

“ ဟောဒီမှာ ငွေငါးထောင်၊ မင်းကိုပေးတာ၊ မိန်းမ ယူလိုက်တော့လို့ ” ပြောပြီး ဆိုင်ထဲက ထွက်လာကြတယ်။ ဆိုင်အပြင် ပလက်ဖောင်းပေါ် ရောက်တော့ ကျွန်တော်က “ ဟေ့ကောင် မင်းငါ့ကို ပြောခဲ့ပါဦးကွ ၊ မင်း ဘယ်လို ချမ်းသာလာသလဲ ဆိုတာ ” လို့ မေးလိုက်တယ်။ အဲဒီမှာ ဒီကောင်က ဟက်ဟက်ပက်ပက် ရယ်လိုက်တယ်။ ပြီးတော့ ကျွန်တော့်ခေါင်းကို “ဒေါင်ကနဲ့” ခေါက်လိုက်တယ်။

“ အသူရကာယ်လိုကောင်၊ ...နားထောင်၊ စောစောက မင်းကို ငါပြောခဲ့တဲ့ စကားတွေ မှတ်မိဦးမှာပေါ့။ ကိုးရိုးကားယားတွေလေ။ ဆင်းရဲနဲ့ ချမ်းသာဟာ နှစ်ခုမဟုတ်ဘူး။ အတူတူပဲလို့။ အဲဒီ ကိုရိုးကားယား စကား တွေဟာ ငါ့ရဲ့ ဓမ္မတွေပဲ။ အဲဒီ ဓမ္မတွေ အရင်က ငါ့မှာ မရှိဘူး။ နောက်တော့ ငါ့နှလုံးသားမှာ ကိန်းအောင်းလာ တယ်။ အဲဒီ ဓမ္မတွေ ကိန်းအောင်းလာတဲ့ အချိန်မှာ ငါ့ရဲ့ စိတ်ဟာ မင်းပြောသလိုပဲ။ ဗလာဟင်းလင်း ဖြစ်သွားတယ်။ ပပူပငါမဲ့ အကြာင်းကြမဲ့ ဖြစ်လာတယ်။

အဲဒီ စိတ်နှလုံးနဲ့ ငါ အလုပ်လုပ်တယ်။
အဲဒီ စိတ်နှလုံးနဲ့ ငါ ထမင်းစားတယ်။
အဲဒီ စိတ်နှလုံးနဲ့ ငါရေသောက်တယ်။
အဲဒီ စိတ်နှလုံးနဲ့ ငါ ခရီးသွားတယ်။
အဲဒီ စိတ်နှလုံးနဲ့ ငါ စီးပွားရှာတယ်။

“ ဒါပဲ သူငယ်ချင်း”

မြသွေးသည် ကျွန်တော်အနီးမှ ထွက်ခွါသွားပြီ ဖြစ်၏။ ကျွန်တော်မှာကား သူပြောခဲ့သော စကားများကို လုံးစေ့ ပတ်စေ့ နားလည်အောင် စဉ်းစားရင်း ပလက်ဖောင်းပေါ်တွင် ငူငူကြီး ကျန်ရစ်ခဲ့လေသည်တကား။

သဗ္ဗေသတ္တာကမ္မဿကာ
မင်းသိင်္ခ

0 comments:

Post a Comment