မိုးကောင်းကင်နှင့်တူသော သူငယ်ချင်း-ဇာတ်သိမ်းပိုင်း ( မင်းသိင်္ခ )

အပိုင်း (၁) ၊ အပိုင်း (၂)

အခြားလူတွေအတွက်တော့ မပြောနိုင်ဘူး။ ငါ့အတွက်တော့ နည်းရှိတယ်။ သူဋ္ဌေးဖြစ်တဲ့နည်း၊ အောင်မြင်ကျော် ကြားတဲ့နည်း၊ ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်နည်း၊ အားလုံးရှိတယ်။ အဲဒီနည်းကို ပြောပြပါလို့ ငါ့ကို မပြောနဲ့။ ငါ ပြောမပြတတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ငါ့ရဲ့နည်းဟာ နည်းမဟုတ်တဲ့နည်း ဖြစ်နေလို့ပဲ။ အနာဂါတ်မှာ ငါလျှောက်မယ့် လမ်းဟာလည်း ဖြောင့်ဖြူးနေတယ်ဆိုတာ ငါသိတယ်။ အဲဒီလမ်းကိုလည်း မမေးနဲ့။ အဲဒါကလည်း လမ်းမဟုတ်တဲ့ လမ်းပဲ။ ရှိတော့ ရှိတယ်။ ပြောလို့လည်း မရဘူး။ ပြလို့လည်း မရဘူး ” လို့ မြသွေးက ပြောပြန်တယ်။

အဲဒီတော့ ကျွန်တော်က မင်းပြောသလိုဆိုရင် မိုးကောင်းကင်လိုပဲ ရှိတောရှိတယ်။ ကိုင်လို့ တွယ်လို့ မရဘူးဆိုပါ တော့ ” လို့ ပြောလိုက်တော့ မြသွေးက ရယ်ပြန်တယ်။ “ မင်းပြောသလို မိုးကောင်းကင်လိုပဲ ထားလိုက်ပါတော့။ ဒါပေမယ့် မိုးကောင်းကင်လိုလည်း မဟုတ်သေးဘူး။ နည်းမဟုတ်တဲ့ နည်း၊ လမ်း မဟုတ်တဲ့ လမ်းနဲ့ ငါ အလုပ်လုပ်မယ်။ အဲဒီအခါမှာ ငါ ချမ်းသာရမယ်။ အဲဒီအခါမှာ မင်းတို့နှစ်ယောက်ကို ငါကြည့်ရှု့မယ် ” လို့ ပြောလိုက်တယ်။ အဲဒီတော့ ကျွန်တော်က ...

“ စီးပွားရေး လုပ်တယ်ဆိုတာ နည်းစနစ်တွေ ကျွမ်းကျင်သူတွေရဲ့ အဆိုအမိန့်တွေ ရှိတယ် မဟုတ်လား။ အဲဒီ အတိုင်း မင်း မလုပ်ဘူးလားလို့ ” မေးလိုက်တယ်။ “ မင်းပြောတာတွေက ငါ့အတွက် ကျဉ်းမြောင်းလွန်းပါတယ်။ ငါက လွတ်လွတ်လတ်လတ်မှ ကြိုက်တာ။ ငါ့ဟာ မှန်မမှန် မင်းစောင့်ကြည့်ပေါ့ ” လို့ သူက ပြောပြီး ဆေးလိပ်တိုကို ရေကန်ထဲ ပစ်ချလိုက်တယ်။ ပြီးတော့ နှစ်ယောက်သား နှုတ်ဆက်ပြီး လမ်းခွဲခဲ့ကြတယ်။ အဲဒီနောက်တော့ မတွေ့ဖြစ်တော့ပါဘူး။

တစ်ယောက်နဲ့ တစ်ယောက် မတွေ့ကြတာ ကြာတဲ့အခါမှာ တစ်နှစ်လောက်နေတဲ့ မြသွေးတစ်ယောက် ကျွန်တော် ရုံးကို ရောက်လာတယ်။ ပြီးတော့ ဒီကောင်က ဟေ့ကောင် မင်းတို့ ရုံးက အပြငကို ထွက်လို့ ရသလားလို့ မေးလိုက်တယ်။ ကျွန်တော်လည်း ဒီကောင်ကို မြင်တော့ အတော့်ကို အံ့သြသွားတယ်။ အကောင်းစား သက္ကလတ်နဲ့ ချုပ်ထားတဲ့ ဥရောပ၀တ်စုံကို ၀တ်ထားတယ်။ လက်ထဲမှာလဲ အလွန်ကြီးမားတဲ့ သရေအိပ်ကြီး တစ်လုံး ဆွဲထားတယ်။ သူရဲ့ လက်၀၀ဲဘက်လက်မှာ “ရိုးလက်” နာရီ တစ်လုံး ပတ်ထားတယ်။ ပြီးတော့ အရည်အသွေးကော်းတဲ့ မြကျောက် တစ်ခုက်ု လက်စွတ်ကွင်းပြီး ၀တ်ထားတာ တွေ့ရတယ်။ ဘာပဲ ဖြစ်ဖြစ် ဒီကောင်တော့ ဒိကောင်တော့ အတော့်ကို စီးပွားဖြစ်နေပြီဆိုတာ ထင်ရှားပါတယ်။

“ တို့ ရုံးက အပြင်တွေ ဘာတွေ ထွက်လို့ ရပါတယ်ကွ။ မင်းက တို့ရုံးကို ထောင်များ အောင့်မေ့နေသလား ” လို့ ကျွန်တော်က ပြန်ပြီး ပြောလိုက်တယ်။ ဒါပေမယ့် သူက ဘာမှ မပြောပါဘူး။ “ လွတ်လတ်တယ်ဆိုလည်း ပြီးတာပါပဲကွာ။ ငါက မလွတ်လတ်မှာ စိုးလို့ ” လို့ သူက ပြောပြီး ကျွန်တော်ကို ထမင်းဆိုင် တစ်ဆိုင် ခေါ်သွားတယ်။ ထမင်းဆိုင်မှာ ကျွန်တော်ကို ထမင်းတွေ ဘာတွေ ကြွေးတယ်။ ထမင်းကျွေးရင်းနဲ့ ကျွန်တော်တို့နှစ်ယောက် စကားတွေ ဘာတွေ ပြောကြတယ်။

အဲဒီတော့ ကျွန်တော်က သူ့ကို... “ လုပ်စမ်းပါဦး သူငယ်ချင်း မိုးကောင်းကင်ရဲ့... ဘယ်လိုကနေ ဘယ်လို ကြီးပွား ချမ်းသာလာပြန်တာတုန်း ” လို့ မေးလိုက်တယ်။ “ ဟေ့ကောင် အောင်ထွန်း၊ မင်းကို ငါ တစ်ခု ပြောမယ်။ မင်း ယုံမလား မသိဘူး ” လို့ စကားစလိုက်တယ်။ အဲဒီတော့ ကျွန်တော်က “ ပြောလေကွာ.. နားထောင်ရတာပေါ့ ” လို့ ပြန်ပြီး ပြောလိုက်တယ်။

အဲဒီအခါမှာ မြသွေးက သူ့ရဲ့ ကုတ်အင်္ကျီထဲက ပလက်င်္တနံနဲ့ လုပ်ထားတဲ့ စီးကရက်ဘူး ကလေးကို ထုပ်ယူလိုက် ပြီး အဲဒီနောက်မှာတော့ အကောင်းဆုံး “ရွန်ဆင်” မီးခြစ်နဲ့ စီးကရက်ကို မီးညှိရှိုက်ဖွာ လိုက်တယ်။ ပြီးတော့ မီးခိုးတွေကို မျက်နှာကြက်ဆီကို မှုတ်ထုပ်လိုက်တယ်။ ပြီးတော့ စကားကပြီး ပြောတယ်။

“ ဆင်းရဲခြင်းနဲ့ ချမ်းသာခြင်းဟာ နှစ်ခု မဟုတ်ဘူးနော်။ ပြီးတော့ ဆန့်ကျင်ဘက်လည်း မဟုတ်ဘူ ” သူ့ စကား မရပ်ခင်မှာဘဲ ကျွန်တော်က “ တော်ကွာ” လို့ အော်လိုက်တယ်။ အဲဒီတော့ မြသွေးက ပြုံးတယ်။

“ မင်း ငါပြောတာကို မယုံဘူး မဟုတ်လား ” လို့ ညင်ညင်သာသာ ကလေး ပြန်မေးလိုက်တယ်။

“မင်း ပြောတဲ့ စကားကို ငါတစ်ယောက်ထဲ မယုံတာ မဟုတ်ပါဘူး။ ဘယ်သူ့ကို သွားပြောပြော ယုံမှာ မဟုတ်ဘူး။ ဘယ်သူ့ကို သွားပြောပြော ယုံမှာ မဟုတ်ဘူး။ အဓိပ္ပာယ်လည်း မရှိဘူး ” လို့ ကျွန်တော်က ဒေါနဲ့ မောနဲ့ ပြန်ပြောလိုက်တယ်။ အဲဒီအခါမှာ မြသွေးက ထမင်းဆိုင်ရဲ့ နံရံမှာ ချိပ်ထားတဲ့ အပူအအေးပြတဲ့ ပြဒါးတိုင်လေးကို လက်ညှိုး ညွန်ပြလိုက်တယ်။

“ အောင်ထွန်း... ဟို သာမို မီတာလေးကို ကြည့်စမ်း။ ရာသီဥတု အပူချိန် (၇၅) လို့ ပြထားတယ်။ ဒီထက် ပူလာမယ်ဆိုရင်တော့ ပြဒါးလေးဟာ အေါ့်ကို တက်လာမယ်.။ (၇၅)ကနေ (၈၀) (၈၅) တက်လာမှာပေါ့ကွာ။ အပူချိန် (၁၀၀) ဆိုရင် ငါတို့ အားလုံး ဖျတ်ဖျတ်လူးအောင် ပူနေကြပြီပေါ့။ အဲဒီလိုပဲ ရာသီဥတုအေးလာမယ်ဆိုရင် ပြဒါးလေးဟာ အောက်ကို နိမ့်ကျလာမယ်။ အဲဒီလိုပဲ ရာသီဥတု အေးလာမယ်ဆိုရင် ပြဒါးလေးဟာ အောက်ကို နိမ့်ကျလာမယ်။ (၇၅) ကနေ (၆၀) (၅၅) (၅၀) အဲဒီလို နိမ့်ပြီး ကျလာမှာပေါ့။ (၃၀) လောက်ထိ ကျသွားမယ်ဆိုရင် ရေတွေတောင် ခဲနေပြီ။ အတော့်ကို အေးနေပြီပေါ့။

အဲဒီတော့ မင်းစဉ်းစားကြည့်စမ်း အောင်ထွန်း။ အအေးနဲ့ အပူဆိုတာ တစ်ခုသော သာမိုမီတာရဲ့ ပြချက်တွေ ဖြစ်တယ်။ သီးခြား မဟုတ်ဘူး။ အဲဒီ အပူနဲ့ အအေးဟာ ရာသီဥတုဆိုင်ရာ ခံစားမှု့ကို ဖော်ပြနေတာ ချဉ်းပဲ မဟုတ်လား။ ဆန့်ကျင်ဘက်တွေ မဟုတ်ဘူးကွာ။ အဲဒီလိုပဲ။ ချမ်းသာနဲ့ ဆင်းရဲဟာလည်း တစ်ခုတည်း တပေါင်းတစည်းတည်းပဲ။ သီးခြား မဟုတ်ဘူးလို့ သူက ပြောတယ်။ အဲဒီတော့ ကျွန်တော်က ...

မင်းပြောတာ ဟုတ်သလိုလိုပဲ။ ဒါပေမယ့် နားမလည်ဘူး။ ဆင်းရဲတာနဲ့ ချမ်းသာတာလည်း အတူတူ မဟုတ်ဘူးလို့ ငါ့စိတ်ထဲမှာ ထင်နေတုန်းပဲ။ ငါ့ကို ထပ်ပြီး ရှင်းပြဦး ” အဲဒီအခါမှာ မြသွေးက စီးကရက် မီးခိုးကို မှုတ်ထုပ်လိုက်ရင်း...

ဟေ့ကောင် အောင်ထွန်း ။ မင်း ချမ်းသာခြင်းကို လိုချင်သလား၊ မလိုချင်ဘူးလား

“ လိုချင်တာပေါ့ကွ ”လို့ ပြန်ပြောလိုက်တယ်။ “ လိုချင်တော့ ရသလား ”လို့ ပြန်ပြီး မေးတယ်။

“ မရဘူး ” လို့ ကျွန်တော်က ပြန်ဖြေတယ်။ အဲဒီအခါမှာ မြသွေးက စီးကရက်တိုကို ချပြီး ခြေထောက်နဲ့ နင်းချေရင်း...

“ လိုချင်တာကို မရတာဟာ ဆင်းရဲလား၊ ချမ်းသာလား၊ မင်းဟာမင်း စဉ်းစား” လို့ ပြောလိုက်တယ်။ အဲဒီတော့ ကျွန်တော်က...

“ လိုချင်တာကို မရတာဟာ ဆင်းရဲပေါ့ကွာ ” လို့ ပြန်ပြီး ဖြေလိုက်တယ်။ အဲဒီအခါမှာ မြသွေးက ...

“ မင်းရဲ့ အဖြေကို မင်းပြန် စဉ်းစားပါဦး။ ချမ်းသာနဲ့ ၊ ဆင်းရဲ ဘာများ ကွဲပြားနေလို့လဲ ” လို့ ဒီကောင် ပြောပြန်တယ်။

“ ဒါတွေ မပြောနဲ့ကွာ၊ နား ရှုပ်တယ်။ မင်း ဘယ်လို ချမ်းသာလာတာလဲ ငါ့ကိုပြော ” လို့ ကျွန်တော်က ပူဆာလိုက်တယ်။ အဲဒီအခါမှာ ကျွန်တော်တို့ နှစ်ယောက်စလုံး ထမင်းစားပြီး သွားကြပြီးဖြစ်လို့ စာပွဲထိုးလေးက ပန်းကန်တွေ လာပြီး သိမ်းနေတယ်။ မြသွေးကလည်း ထမင်းဖိုး ရှင်းနေတယ်။ ပြီးတော့ သားရေအိပ်ထဲက အထုပ်တစ်ထုပ်ကို နှိုက်ယူပြီး

“ ဟောဒီမှာ ငွေငါးထောင်၊ မင်းကိုပေးတာ၊ မိန်းမ ယူလိုက်တော့လို့ ” ပြောပြီး ဆိုင်ထဲက ထွက်လာကြတယ်။ ဆိုင်အပြင် ပလက်ဖောင်းပေါ် ရောက်တော့ ကျွန်တော်က “ ဟေ့ကောင် မင်းငါ့ကို ပြောခဲ့ပါဦးကွ ၊ မင်း ဘယ်လို ချမ်းသာလာသလဲ ဆိုတာ ” လို့ မေးလိုက်တယ်။ အဲဒီမှာ ဒီကောင်က ဟက်ဟက်ပက်ပက် ရယ်လိုက်တယ်။ ပြီးတော့ ကျွန်တော့်ခေါင်းကို “ဒေါင်ကနဲ့” ခေါက်လိုက်တယ်။

“ အသူရကာယ်လိုကောင်၊ ...နားထောင်၊ စောစောက မင်းကို ငါပြောခဲ့တဲ့ စကားတွေ မှတ်မိဦးမှာပေါ့။ ကိုးရိုးကားယားတွေလေ။ ဆင်းရဲနဲ့ ချမ်းသာဟာ နှစ်ခုမဟုတ်ဘူး။ အတူတူပဲလို့။ အဲဒီ ကိုရိုးကားယား စကား တွေဟာ ငါ့ရဲ့ ဓမ္မတွေပဲ။ အဲဒီ ဓမ္မတွေ အရင်က ငါ့မှာ မရှိဘူး။ နောက်တော့ ငါ့နှလုံးသားမှာ ကိန်းအောင်းလာ တယ်။ အဲဒီ ဓမ္မတွေ ကိန်းအောင်းလာတဲ့ အချိန်မှာ ငါ့ရဲ့ စိတ်ဟာ မင်းပြောသလိုပဲ။ ဗလာဟင်းလင်း ဖြစ်သွားတယ်။ ပပူပငါမဲ့ အကြာင်းကြမဲ့ ဖြစ်လာတယ်။

အဲဒီ စိတ်နှလုံးနဲ့ ငါ အလုပ်လုပ်တယ်။
အဲဒီ စိတ်နှလုံးနဲ့ ငါ ထမင်းစားတယ်။
အဲဒီ စိတ်နှလုံးနဲ့ ငါရေသောက်တယ်။
အဲဒီ စိတ်နှလုံးနဲ့ ငါ ခရီးသွားတယ်။
အဲဒီ စိတ်နှလုံးနဲ့ ငါ စီးပွားရှာတယ်။

“ ဒါပဲ သူငယ်ချင်း”

မြသွေးသည် ကျွန်တော်အနီးမှ ထွက်ခွါသွားပြီ ဖြစ်၏။ ကျွန်တော်မှာကား သူပြောခဲ့သော စကားများကို လုံးစေ့ ပတ်စေ့ နားလည်အောင် စဉ်းစားရင်း ပလက်ဖောင်းပေါ်တွင် ငူငူကြီး ကျန်ရစ်ခဲ့လေသည်တကား။

သဗ္ဗေသတ္တာကမ္မဿကာ
မင်းသိင်္ခ

မိုးကောင်းကင်နှင့်တူသော သူငယ်ချင်း-ဒုတိယပိုင်း ( မင်းသိင်္ခ )

ကြီးပွားချမ်းသာဖို့ ကြိုးစာအားထုပ်နေသူများ အတွက် အထောက်အပံ့ ဖြစ်စေချင်းငှာ ဖော်ပြပါသည်။

အပိုင်း (၁) ကိုအရင် ဖတ်ချင်ပါက ဒီနေရာတွင် ဖတ်ပါ။

အဲဒီနေ့မှာပဲ မြသွေးက ကျွန်တော်ဆီရောက်လာတယ်။ ကျွန်တော်ကို တွေ့တော့ ကျွန်တော်က စကားနာထိုးမယ် လို့ ထင်နေတာ။ ဒီကောင်က တော်ပါတယ်။ စကားနာ မထိုးရှာဘူး။

ဒီနှစ် မအောင်လဲ နောင်နှစ်ပေါ့ကွာ။ စိတ်မပျက်ပါနဲ့” လို့ အားပေးရှာတယ်။ ပြီးတော့ စိတ်ပြေလက်ပျောက် ဖြစ်အောင်ဆိုပြီး သူက ကျွန်တော်နဲ့ အုန်းမြင့်ကို ပုဂံကို ဘုရားဖူးခေါ်သွားတယ်။ ပုဂ့က ပြန်လာပြီးတော့ နောင်နျစ်ကျောင်းတက်ဖို့ ကျောင်းစရိပ်တွေ သူက အကုန်ခံတယ်။ သူ မြင်းနိုင်ထားတယ်ဆိုပြီး စာအုပ်တွေ ၀ယ်ပေဒတယ်။ အင်္ကျီတွေ ၀ယ်ပေးတယ်။ အင်္ကျီတွေ ချုပ်ပေးတယ်။ အဲဒီနောက်မှာတော့ မြသွေးနဲ့ ကျွန်တော်တို့ မတွေ့ကြတော့ဘူး။ သူ့အကြောင်းလည်း စုံစမ်းလို့ မရတော့တော့ဘူး။ ကျွန်တော်တို့ ကျောင်းသား အရွယ်ကလွန်မြောက်ပြီး ရုံးတွေဘာတွေမှာ ၀င်အလုပ်လုပ်နေကြပြီ။ ဒီကောင်နဲ့ (၇)နှစ်လောက် ကွဲသွာဒတယ်ဆိုပါတော့.....

တစ်နေ့မှာ ရုံးဆင်းတဲ့ အချိန်ကြီးပေါ့...။ ကျွန်တော်က အညောင်းပြေသဘောနဲ့ ကန်တော်ကြီးကို ပတ်ပြီး လမ်းလျှောက်ပြန်လာတာ။ အဲဒီမှာ မြသွေးနဲ့ ဗြုန်းကနဲ့ သွားတွေ့တယ်။ ဒီကောင့် အသားတွေက်လည်း မုန့်ကျွဲ သည်းလိုပဲ။ နီကြောင်ကြောင်နဲ့။ ဒီကောင်က ကျွန်တော့်ကို တွေ့တော့ ပြုံးပြတယ်။ ကျွန်တော်ကလည်း အားရ၀မ်းသာနဲ့ “ ဟေ့ကောင်မြသွေး။ မင်း ဘယ်ပျောက်နေတာလဲ၊ နေပါဦး၊ မင်းအသားအရောင်တွေကလည်း တစ်မျိုးပါလား...” လို့ ကျွန်တော်က ပြောမိတယ်။ အဲဒီအခါမှာ မြသွေးက...

“ ဟေ့ကောင် ... အောင်ထွန်း၊ ငါ့အသားအရည်တွေက တစ်မျိုးပဲဆိုတော့ မင်း အသားအရောင်တွေကလည်း တစ်မျိုးပဲ ဆိုတော့ ဘယ်လိုဖြစ်နေလို့လဲ ” လို့ ပြန်မေးတယ်။ “ ငါ့မျက်စိထဲမှာ မင်းရဲ့ အသားအရောင်ဟာ အရင်လို မဟုတ်ဘူး။ မုန့်ကျွဲသည်း အရောင်လို ဖြစ်နေတယ် ” လို့ ပြန်ပြီး ပြောလိုက်တော့ ဒီကောင်က ရယ်တယ်။

“ မုန်ကျွဲသည်းနဲ့ မတူဘူးကွ။ ငါ့အသားအရည်က ပုန်းရည်ကြီး အေ၇ာင်နဲ့ တူနေတာ။ ငါထောင်က လွတ်လာတာ နှစ်ရက်ပဲ ရှိသေးတယ်။ ငါ(၁၀)တန်း အောင်တဲ့နှစ်မှာ ဖဲဝိုင်းမှာ လူတစ်ယောက်ကို ဓားနဲ့ ထိုးမိလို့ ငါထောင်ကျသွားတယ်။ ဖြစ်တာက မုံရွာဘက်မှာ ဖြစ်တာပေါ့။ မင်းတို့ မသိလိုက်ဘူး။ ငါ ထောင်ဆယ်နှစ် ကျသွားတယ် ” လို့ မြသွေးးက ကျွန်တော်ကိုပြောတယ်။ ကျွန်တော် တော်တော်ပဲ စိတ်မကောင်းဖြစ်သွားတယ်။

“ မင်းနှယ်ကွာ၊ ငါနဲ့ အုန်းမြင့်ဆိကို အကြောင်းကြားသင့်တာပေါ့။ ဘာဖြစ်လို့ အကြောင်းမကြားတာလဲလို့ ” ကျွန်တော်က အပြစ်တင်လိုက်တယ်။ အဲဒီအခါမှာ မြသွေးက.. “ ကိုယ့် ဒုက္ခနဲ့ ကိုယ် ရှိပါစေကွာ။ ငါတော့ ဘယ်သူ ကိုမှ ဒုက္ခ မပေးချင်ဘူး။ ပြီးတော့ မင်းတို့ အကြောင်းကို ငါ ထောင်ထဲမှာ ကတည်းက စုံစမ်းကြည့်တယ်။ မင်းတို့ နှစ်ယောက်စလုံး ဆင်းဆင်းရဲရဲနဲ့ စာရေး လုပ်စားနေရတယ်ကြားလို့ ငါ စိတ်မကောင်းပါဘူး ” လို့တောင် ကျွန်တော်ကို ပြန်ပြီးပြောလိုက်သေးတယ်။

“ ဆင်းရဲတာကတော့ မှန်ပါတယ်ကွာ။ ဒါပေမယ့် ချို့ချို့ ငဲ့ငဲ့တော့ မရှိလှပါဘူး။ ဘာပဲဖြစ်ဖြစ် ခုလို တွေ့တုန်းကြုံတုန်း မင်းနဲ့ ငါ စကားပြောချင်သေးတယ် ” လို့ ကျွန်တော်က ပြောတော့ သူက နှစ်လိုဖွယ်ရာ ပြုံးတယ်။ “ မင်း ငါပြောတဲ့ စကားတွေကို နားထောင်ချင်လား ” လို့ သူက ပြန်ပြီး မေးတယ်။ “ မဟုတ်ဘူး၊ မင်းလဲ ပြော၊ ငါလည်း ပြောမယ် ” လို့ ကျွန်တော်က ပြန်ပြီးပြောတော့ သူက ပြုံးတယ်။ “ ငါက မင်းကို စကားပြောဖို့ ခိုင်လုံတဲ့ အကြောင်းရှိတယ်။ မင်းကရော ငါ့ကို စကားပြောဖို့ ခိုင်လုံတဲ့ အကြောင်းရှိရဲ့လား ” လို့ သူက ပြန်မေးတယ်။

“ ရှိတာပေါ့ မြသွေးရ။ ပထမတစ်ချက်က မင်းနဲ့ ငါနဲ့ သူငယ်ချင်းပဲ။ တစ်ယောက်နဲ့ တစ်ယောက် စကားပြောရမှာပေါ့။ ဒုတိယအချက်က မင်းအနေနဲ့ မဖြစ်သင့်တာတွေ မဖြစ်အောင် ငါက ပြောရဦးမယ် မဟုတ်လား ” လို့ ကျွန်တော်က ပြောလိုက်တဲ့ အခါမှာ မြသွေးက ရယ်ပြန်တယ်။ ပြီးတော့ “ မင်းက ငါ့ကို ဆုံးမမလို့လား၊ မဆုံးမပါနဲ့ကွာ။ ဆုံးမတာတို့ ၊ ငါ့ကို တားမြစ်တာတို့ဆို ငါ မကြိုက်ဘူး။ ငါ ပြောပြီးပါပကောလား။ ငါ ကောင်းတာပဲ လုပ်လုပ်၊ မကောင်းတာပဲ လုပ်လုပ် ငါ့ကို မြှောက်ပေးပါလို့ ” ပြောပြန်တယ်။ အဲဒီတော့ ကျွန်တော်က ....

ငါဟာ မင်းရဲ့ ငါအနေနဲ့ မိတ်ဆွေကောင်းဖြစ်တယ်ကွ။ မိတ်ဆွေကောင်းဆိုတာ မြှောက်မပေးရဘူး။ မကောင်းတာ ကို တားမြစ်ရမယ် မဟုတ်လား ” လို့ ကျွန်တော်က ပြောလိုက်တော့ ... ဒီကောင်က “ မဟုတ်တာတွေ လာပြီး ပြောမနေပါနဲ့ ။ ငါ့အနေနဲ့ မိတ်ဆွေကောင်း မလိုချင်ဘူး။ ငါ့ကို မြှောက်ပေးတဲ့ လူပဲ လိုချင်တယ်။ ငါ့ကို ဘယ်လောက်မြှောက်ပေးနိုင်သလဲဆိုတဲ့ အပေါ်မှာ မူတည်ပြီး အဲဒီ မိတ်ဆွေရဲ့ တန်ဖိုးကို ငါ သတ်မှတ်တယ်။ ဘာပဲ ဖြစ်ဖြစ် မင်းနဲ့ ငါ စကားမပြောရင် ကောင်းမယ်။ ဘာကြောင့်လဲ သိလား။ ငါ့ခေါင်းထဲကို သူတစ်ပါးရဲ့ အကြံအစည်တွေ အတွေးအခေါ်တွေ မ၀င်စေချင်ဘူး။ ငါ့စိတ်ကလေးဟာ မူလနဂိုအတိုင်း သန့်သန့်ရှင်းရှင်း ကလေးရှိနေတယ်။ အဲဒါလေးကို ညစ်ကြေးသွားအောင် မလုပ်ပါနဲ့ကွာ။ အဲဒီတော့ ငါပြန်မယ်။ နောက်မှ တွေ့ကြတာပေါ့ ” ဟု မြသွေးက ပြောတယ်။

အဲဒီတော့ ကျွန်တော် အနေနဲ့ ထိပ်ထိပ်ပြာပြာ ဖြစ်သွားတယ်။ “ မပြန်ပါနဲ့ဦး သူငယ်ချင်းရာ။ ငါ့ကို စကားပြောခွင့် မပေးရင်လည်း နေပါ။ မင်းပဲ ပြောပါ။ ငါ နားထောင်ပါ့မယ် ” လို့ ပြောလိုက်တော့ ဒီကောင်က..

အဲလို လုပ်စမ်းပါ အောင်ထွန်းရာ၊ ငါပဲ ပြောမယ်၊ မင်းနားထောင် ” လို့ ပြောပြီး ကျွန်တော်လက်ကို ဆွဲတယ်။ ပြီးတော့ ကန်စပ်မှာ နှစ်ယောက်သား ထိုင်ကြတယ်။ ပြီးတော့ မြသွေးက သူ့အိပ်ထဲက ဆေးပေါ့လိပ် တစ်လိပ်ကို ထုပ်ပြီး နတ်သမီး မီးခြစ်ကို ရှဲကနဲ နေအောင်ခြစ်လိုက်တယ်။ ပြီးတော့ ဆေးလိပ်ကို ရဲကနဲ ရဲကနဲ နေအောင် ရှိုက်ဖွာလိုက်တယ်။ ပြီးတော့ မီးခိုးတွေကို ကောင်းကင်ဆီကို မှုတ်ထုပ်လိုက်တယ်။

“ သပဒေနဲ့ မကင်းတာ ငါ ဘာမှ မလုပ်တော့ဘူး။ အရင်ကလည်း ငါ့အနေနဲ့ လောင်းကစားပဲ လုပ်တာ. ဒီက ရှေ့လျှောက်ဆိုရင် လောင်းကစားတောင် လုပ်ဖြစ်တော့မယ် မထင်ဘူး။ ငါ့အနေနဲ့ စီးပွားရေးကို ဖိဖိစီးစီး လုပ်ရတော့မှာ။ ငါ ချမ်းသာမှ ဖြစ်မယ်။ ဘာကြောင့်လဲ သိလား။ မင်းတို့ကို ငါ့အနေနဲ့ ပေးနိုင်ကမ်းနိုင်ဖို့ပေါ့။ အခုတော့ ငါ့အခြေအနေက သုညအောက် ယူဇနာ တစ်ရာရောက်နေပြီ။ အဲဒီကနေ ပြန်ပြီး ကြိုးစားယူရမှာပဲ ” လို့ သူက ပြောတယ်။ အဲဒီတော့ ကျွန်တော်က ..

“ သူဋ္ဌေး ဖြစ်အောင် လုပ်တဲ့ နည်းရှိလား ” လို့ မေးလိုက်တယ်။

တတိယပိုင်း ဆက်လက်ဖော်ပြပေးပါမည်....

အရေးတကြီး စကားပြောဆိုစရာ ကိစ္စများရှိပါက

အရေးကြုံ သက်လုံကောင်းစေ(မင်းသိင်္ခ)

ကျွန်ုပ်သည် ဘားလမ်း (ယခုမဟာဗန္ဓုလ ပန်းခြံလမ်း) ထိပ်တွင် ဗေဒင်လက္ခဏာ ဟောပြောနေသည်ဟု ဖော်ပြခဲ့ပြီးဖြစ်၏။ထိုဟောပြောသောနေရာမှ အခန်းပိုင်ရှင်သည် လွန်စွာကောင်းပါသည်။ သို့ရာတွင် ထိုအိမ်ရှင်နှင့် ပတ်သက်သော ဧည့်သည်အချို့မှာ ကျွန်ုပ်၏ လုပ်ငန်းကို လွန်စွာ ဒုက္ခပေးပါသည်။ ကျွန်ုပ် ဗေဒင်လက္ခဏာ ဟောပြောနေစဉ် အတွင်း ထိုသူများသည် ရေဒီယိုကို ကျယ်လောင်စွာ ဖွင့်ခြင်း၊ သီချင်းကျယ်လောင်စွာဆိုခြင်း၊ တစ်ဦးနှင့်တစ်ဦး ကျယ်လောင်စွာ ငြင်းခုံခြင်း စသော လုပ်ရပ်များသည် ကျွန်ုပ် ဗေဒင်လက္ခဏာ ဟောပြော ခြင်းအတွက် အနှောင့်ယှက် များစွာဖြစ်စေပါသည်။

ထို့ကြောင့် “ဒီနေရာက ပြောင်းမှပဲ” ဟု စိတ်ထဲ၌ ဖြစ်ပေါ်ခဲ့၏။ ပြောင်းသည်ဆိုရာ၌ လွယ်ကူလှသည် မဟုတ်။ ကျွန်ုပ်အနေနှင့် ဆိုင်လခကို ထိုက်ထိုက်တန်တန် ပေးနိုင်သော်လည်း စပေါ်ကိုမူ မပေးနိုင်ပေ။ ပေးစရာလည်း မရှိပေ။ ထိုအချိန်၌မှာပင် မိတ်ဆွေတစ်ဦးက “ ဒီမှာ ဆရာမင်းသိင်္ခ ခင်ဗျားရဲ့ အလုပ်နဲ့ဆိုရင် (၃၂)လမ်းထိပ်က ကိုသက်တင်၊ ဒေါ်ဝတို့ရဲ့ အခန်းဟာ အကောင်းဆုံးပဲဗျ။ ခင်ဗျား ပြောကြည့်ပါလား ” ဟု ပြောရာ ကျွန်ုပ်က ထိုမိတ်ဆွေအား

“ဒီလိုရှိတယ်ဗျ။ ကျုပ်က လခကိုတော့ ကောင်းကောင်း မွန်မွန် ပေးနိုင်ပါတယ်။ စပေါ်က မတတ်နိုင်ဘူးဗျ။ ဒေါ်၀၀ကြီးကလည်း စပေါ်မရရင် ကျုပ်ကို ထားပါ့မလား ” ဟု ပြောရာ ထိုမိတ်ဆွေက“သေချာတာပေါ့ဗျာ။ စပေါ် မပေးနိုင်ရင်တော့ ဒေါ်၀၀က လက်ခံမှာ မဟုတ်ဘူး။ သွားပြောလည်း စကားအဖတ် တင်ရုံ ရှိမှာပါဗျာ ” ဟု ပြောရင်း ထိုမိတ်ဆွေသည် ကျွန်ုပ်နှင့် လမ်းခွဲသွားလေ၏။ ကျွန်ုပ်သည် ဆူးလေးဘုရား ပန်းခြံထောင့်တွင် ထိုင်းရင်း မည်သို့ မည်ပုံပြုလုပ်ရမည်ကို စဉ်းစားနေ၏။ ထိုသို့ စဉ်းစားရာ ကျွန်ုပ်၏ စိတ်တွင်း၌လည်း အောက်ပါ အတိုင်း ရေရွတ်မိလေ၏။

“လူဆိုတာ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အကြပ်အတည်း အခက်အခဲတွေ့မြဲပဲ။ ဒီလို အခက်အခဲ အကြပ်အတည်း တွေ့တဲ့အခါမှာ ငွေရှိတဲ့သူက ငွေနဲ့ပေါက်ပြီး အဲ့ဒီအကြပ်အတည်းက လွတ်အောင် ထွက်သွားလိမ့်မယ်။ အာဏာ ရှိတဲ့ သူကလည်း အာဏာနဲ့ ဖြေရှင်းသွားလိမ့်မယ်။ အသိုင်းအ၀ိုင်း ရှိတဲ့သူကလည်း အသိုင်းအ၀ိုင်းနဲ့ ဖြေရှင်း ပြီး သွားလိမ့်မယ်။ ငါ့မှာကတော့ ငွေလည်း မရှိဘူး။ အဲ့ဒီတော့ ဘယ်လိုလုပ်မတုံး။ အရေးကြုံရင် သက်လုံ ကောင်းရမယ် ဆိုတဲ့ စကားရှိတယ်။ ငါ့မှာ ဘယ်လိုသက်လုံမျိုးရှိသလဲ။ သြော် သတိရပြီ။ သြော် သတိရပြီ။ ငါ့မှာ သက်လုံကောင်းရှိတာပေါ့။

အဲ့ဒါက ဘာလဲဆိုတော့ “ပညာ”။ ဘယ်လိုပညာလဲဆိုတော့ အင်္ဂ၀ိဇ္ဇာပညာ။ ဒီပညာကို ငါလည်း ကျွမ်းကျွမ်း ကျင် ကျင် တတ်ထားတာပဲ။ ဘာဖြစ်လို့ အသုံးမချရမှာလဲ။ အသုံးချရမှာပေါ့။ အဲ့ဒီပညာမှာ “ သူ့ကိုနိုင်လို စာနဲ့ခို၊ လိုရာ ဆေးဖော်သုံးတဲ့။ “ ဆ ” ဆိုတာက ပညာရပ်စကားကို ပြောတာ။ အဓိပ္ပါယ်က “ ဆပွတ် ” တဲ့ ။ ဆပွတ်ဆိုတာ ခြောက်ခုမြောက် ဂြိုဟ်ကို ဆိုလိုတာ။

တနင်္ဂနွေသား” ရဲ့ “ ဆ ” ဟာ “ သောကြာ ” ။
သောကြာသား” ရဲ့ “ ဆ ” ဟာ “ ဗုဒ္ဓဟူး ” ။
ဗုဒ္ဓဟူးသား” ရဲ့ “ ဆ ” ဟာ “ တနင်္လာ ” ။
တနင်္လာသား” ရဲ့ “ ဆ ” ဟာ “ ကြာသပတေး ”
ကြာသပတေးသား” ရဲ့ “ ဆ ” ဟာ “ အင်္ဂါ ” ။
အင်္ဂါ သား” ရဲ့ “ ဆ ” ဟာ “ တနင်္ဂနွေ ” ဆိုပဲ။

အဲ့ဒီတော့ အဲ့ဒီ “ ဆ ” ကိုခိုပြီး ဒေါ်ဝကြီးဆီက တိုက်ခန်းကို ဌားအောင် လုပ်ရမှာပဲ။ အင်း……. ဘယ်လို လုပ်ရပါ မလဲ။ ငါ့ဆရာက ငါ့ကို သင်ပေးဖူးတယ်။ “ပဉ္ဓပွတ် ” နဲ့ မြား ၊ ဆပွတ်နဲ့ ဓား။ ပဉ္ဓပွတ်ဆိုတာ ငါးခု မြောက် ဂြိုဟ်ကို ပြောတာ . . . . .

တနင်္ဂနွေ ” ရဲ့ ပဉ္ဓပွတ်ဟာ “ ကြာသပတေး ” ။
ကြာသပတေး ” ရဲ့ ပဉ္ဓပွတ်ဟာ “ တနင်္လာ ”
တနင်္လာ ” ရဲ့ ပဉ္ဓပွတ်ဟာ “ သောကြာ ” ။
သောကြာ” ရဲ့ ပဉ္ဓပွတ်ဟာ “ အင်္ဂါ ” ။
အင်္ဂါ ” ရဲ့ ပဉ္ဓပွတ်ဟာ “ စနေ ”
စနေ ” ရဲ့ ပဉ္ဓပွတ်ဟာ “ ဗုဒ္ဓဟူး” ။
ဗုဒ္ဓဟူး ” ရဲ့ ပဉ္ဓပွတ်ဟာ “ တနင်္ဂနွေ ” တဲ့။

အဲ့ဒီတော့ ဒေါ်ဝဆိုတာက ဗုဒ္ဓဟူးသမီး။ ဗုဒ္ဓဟူးကို ပဉ္ဓပွတ်နဲ့ မျှားရမယ် ဆိုတော့ ဗုဒ္ဓဟူးရဲ့ ပဉ္ဓပွတ်ဟာ တနင်္ဂနွေ ဖြစ်တယ်။ ဒါကြောင့် ငါ့အိတ်ထဲမှာ အုန်းညွန့် ကလေးတစ်ခု ထည့်ပြီး သွားရမယ်။ ဆပွတ်နဲ့ ဓားဆိုတဲ့ စကားအရ ဗုဒ္ဓဟူးရဲ့ ဆပွတ်ဟာ တနင်္လာဆိုတော့ တနင်္လာနေ့ကို သွားမယ်။ သွားတဲ့အချိန်ဟာလည်း ဗုဒ္ဓဟူးရဲ့ ဆပွတ်အချိန် တနင်္လာအချိန်ကို သွားရမယ်။ အဲ့ဒါက ဗုဒ္ဓဟူးနေ့ရဲ့ ညနေ ၄ နာရီခွဲကနေ ၆ နာရီအတွင်းဖြစ်တယ်။ ဆပွတ်နေရာက ဗုဒ္ဓဟူးရဲ့ ဆပွတ်ဟာ တနင်္လာ ဆိုတော့ အရှေ့စူးစူးပဲ။ ဒေါ်ဝကြီးနဲ့ တွေ့တဲ့အခါမှာ ငါ ဟာ အရှေ့စူးစူး နေရာကထိုင်ပြီး သူ့ကိုစကားပြောမယ်။

ဒီပညာက ခိုင်လုံတဲ့ ပညာပဲ။ ပြီးရင် ဒီပညာဟာ ငါ့ရဲ့ သက်လုံဖြစ်တယ် ” ကျွန်ုပ်ဟာ အထက်ပါအတိုင်း ရေရွတ်ပြီးနောက် တနင်္လာနေ့သို့ရောက်သောအခါ၌ အိတ်ထဲတွင် အုန်းညွန်တစ်ညွန်ထည့်၍ ဒေါ်ဝကြီးထံ သွား၍တွေ့၏။ ဒေါ်ဝကြီးနှင့်တွေ့၍ ထိုင်သောအခါ၌လည်း ကျွန်ုပ်သည် အရှေ့စူးစူးက ထိုင်၍ ဒေါ်ဝသည် အနောက် စူးစူးက ရှိနေ၏။ ဒေါ်ဝသည် ကျွန်ုပ်ကို တွေ့လျှင်တွေ့ချင်း “ ထူးထူးခြားခြား ဆရာရောက်လာတယ်။ ဘာကိတ်” ဟု မေးလေ၏။ “ ကျုပ်ကတော့ ရှားမီးကိတ်ပေါ့ဗျာ။ လာတာကတော့ ကိတ်မုန့်စားဖို့ လာတာမဟုတ်ပါဘူး။

ကျုပ်က စကားလည်း သိပ်ပြီး မပြောတတ်ဘူး။ စကားပြောရင်လည်း ကြာကြာပြောတဲ့အခါ အမောက်မတည့် ဖြစ်လာတတ် တယ်။ ဒါကတော့ အဆန်းမဟုတ်ပါဘူး။ ကျုပ်တို့လို လူနုံလူအတွေဟာ အဲ့ဒီလိုဖြစ်တတ်ပါတယ်။ အဲဒီတော့ စကားပြောတဲ့အခါမှာ “ သူများလို လျှာမရှည် ငတေမာ၏ ” ဆိုတဲ့ စကားအတိုင်းပဲ တိုတိုနဲ့လိုရင်းပဲ ပြောတတ်ပါတယ်။ အဲဒီတော့ ဒေါ်ဝရေ မဖြစ်နိုင်ပါဘူးတို့၊ ဘယ်လိုက ဘယ်ချမ်းသာဆိုတဲ့ ဆင်ခြေမျိုးတွေ မပြောပါနဲ့ဗျာ။ ခင်ဗျားရဲ့ ဟောဒီအခန်းကလေးဟာ လူလည်း နေတာ မဟုတ်ဘူး။ စာအုပ်အဟောင်းတွေ ထားတဲ့ ဥစ္စာမဟုတ်လား။

ဒီအခန်း ကလေးမှာ ကျုပ် ဗေဒင်လက္ခဏာ ဆိုင်ဖွင့်ချင်တယ်ဗျာ။ စပေါ်တော့ တစ်ပြားမှ မပေးနိုင်ဘူး။ လခကတော့ ၁၅၀ မေးမယ်။ မနက်ဖြန်ကို ကျုပ်စားပွဲခုံတွေ ရွေ့လာတော့မယ် ” ဟု ပြောလိုက်ရာ ဒေါ်ဝက “ မနက်ဖြန်တော့ မလုပ်ပါနဲ့ ဆရာရယ်။ ဒီအချိန်ဟာ လူရှင်းတယ်။ အခုပဲ ရွေ့လိုက်ပါလား ” ဟု ပြောသဖြင့် ကျွန်ုပ်လည်း ချက်ချင်းပင် ရွေ့လိုက်တော့သတည်း။

ဤ နည်းကလေးသည် အဆန်းတကြယ်နည်း မဟုတ်ပါ။ ဘယ်လိုကိစ္စမှာ ဖြစ်ဖြစ် ဘယ်လောက် ခက်ထန်တဲ့ ခေါင်းမာတဲ့ လူနဲ့ပဲ ဖြစ်ဖြစ်၊ အရေးကြုံလို့ ပြောစရာရှိရင် ဒီနည်း ကလေးကို ကျွန်ုပ် အမြဲတမ်းလိုလို အသုံးပြုခဲ့ပါ သည်။ ယခုအချိန်အထိ လွဲချော်ချွတ်ယွင်းသွားသည်ဟု မရှိသေးပါ။ မိဘသဘောမတူသော ခိုးပြေးကြသော စုံတွဲများသည် မိဘထံပြန်လိုသောအါ၌ ကျွန်ုပ်ထံလာ ဤအကူအညီ တောင်းတတ်ပါသည်။ ကျွန်ုပ်သည် “ ပဉ္ဓပွတ်နှင့် မြား၊ ဆပွတ်နှင့် ဓား ” ဟူသည့် ဤနည်း ကလေးနှင့်ပင် ၎င်းတို့၏ မိဘများထံသွားရောက် ၍ နားဖောက်ရပါသည်။ အောင်မြင်သည်ချည်း သာ ဖြစ်လေ၏။

ထို့ကြောင့် ကျွန်ုပ်အကြောင်းကို မသိသော လူအတော်များများက “ မင်းသိင်္ခ ” အတော်စွမ်းတယ်” ဟု ပြောလေ့ရှိ ပါသည်။ အမှန်စင်စင် ကျွန်ုပ် မစွမ်းပါ။ အရေးကြုံလျှင် သက်လုံကောင်းစေဆိုသော စကားအတိုင်း ကျွန်ုပ်၌ နည်းကောင်း ရှိသောကြောင့် ဖြစ်၏ ။ ဤနည်းကို ယုံယုံကြည်ကြည်သုံးပါ။ ဤနည်းမှာ များစွာခက်သောနည်း မဟုတ်ပါ။ အောက်တွင် ဖော်ပြထားသော ဇယားကလေးကို သုံးမိနစ်လောက် ဖတ်ရှုလေ့လာလိုက်လျှင် မုချ တတ်ကျွမ်း သွားပါလိမ့်မည်။ ထိုသို့ တတ်ကျွမ်း သွားပြီးဆိုလျှင် ထိုနည်းကလေးသည် တစ်နေ့နေ့ တစ်ချိန်ချိန်၌ သင့်ဘ၀အတွက် တန်ဖိုးမဖြတ်နိုင်သော အရာကလေးတစ်ခု မုချ ဖြစ်လာပေလိမ့်မည်။ ထိုအခါမျိုး၌ သင်သည် ကျွန်ုပ်အား မုချကျေးဇူးတင်ပေလိမ့်မည်။




သဗ္ဗေ သတ္တာ ကမ္မဿကာ
မင်းသိင်္ခ