ဆရာကြီးပါရဂူရေးသားသောအဘမင်းသိင်္ခအကြောင်း
ပါရဂူ-အိုရှိုး-မင်းသိင်္ခ
မင်းသိင်္ခနှင့် မိမိ၏ ပေါင်းစည်းညီညွှတ်မှု၌ “ပွိုင့်” နှစ် “ပွိုင့်” ရှိသည်။ ပထမ“ပွိုင့်” မှာ သိဒ္ဓတ္ထနှင့် ပတ်သက်သည်။ မိမိလည်း သိဒ္ဓတ္ထ၀တ္ထုကို နှစ်ခြိုက်လွန်း အားကြီးသောကြောင့် မြန်မာပြန်ဆိုခြင်းဖြစ်သည်။ မိမိ မြန်မာပြန်သော သိဒ္ဓတ္ထကို မင်းသိင်္ခကလည်း သည်းခြေကြိုက်ဖြစ်နေသည်။ ငါးထပ်ကြီးဘုရားလမ်း နံပါတ် ၃ ၌ နေစဉ်လွန်ခဲ့သော အနှစ် ၃၀-ခန့်က ကျွန်တော့်အိမ်ရှေ့ လူတစ်ယောက်လာရပ်ပြီး “ဆရာကျွန်တော့်ကို သိသလား” ဟု မေးသောအခါ နှုတ်ခမ်းမွေး မုတ်ဆိတ်မွေး၊ ဆံပင်ရှည်လျားနေပြီး ၀တ်ဖြူစင်ကြယ် ၀တ်ထားသူဖြစ်၍ မိမိ ယောင်ဝါးဝါးဖြစ်နေစဉ်.....
အိမ်ရှေ့ရပ်နေသော ပုဂ္ဂိုလ်က -“ကျွန်တော် မင်းသိင်္ခပါ။ အခုနံရံတစ်ဖက်က အပြင်ဖက် ရောက်လာလာခြင်း ဆရာ့ဆီကို တန်းလာခဲ့တာ ဖြစ်တယ်။ ဆရာ့ကို ပြောစရာတစ်ခုရှိလို့ လာခဲ့တာပါ။ ကျွန်တော်တစ်ဖက်နံရံမှာ ရှိစဉ်အခါက ဆရာ မြန်မာပြန်တဲ့ သိဒ္ဓတ္ထ၀တ္တုကို ဘယ်ပြန်ညာပြန် အခေါက်ခေါက်အခါခါ ဖတ်တဲ့အတွက် သိဒ္ဓတ္ထုဝတ္တု ဘယ်နေရာဘာရှိတယ်ဆိုတာ ကျွန်တော် အရအမိရှိနေတယ် ဆရာမယုံရင် မေးကြည့်ပါလား။ ကျွန်တော်ချက်ခြင်း ကောက်ခါငင်ခါ ပြောပြနိုင်တယ်” ဟု ပြောပြသည်။
မင်းသိင်္ခပြောပြချက်ကို ကြားရသောအခါ မင်းသိင်္ခမှန်း သိသွားသည်ဖြစ်၍ ကျွန်တော်ထပြီး ဖက်လှဲတကင်း လုပ်ပြီးလျှင် “ သိဒ္ဓတ္ထနှင့် ပတ်သက်ပြီး ဆရာပြောတာ ကျွန်တော် ယုံပါတယ် မေးစရာမလိုပါဘူး” ဟု ပြောသောအခါ မင်းသိင်္ခသည် အိမ်ထဲဝင်မထိုင်ဘဲ ချက်ခြင်း ခြံထဲကထွက်သွားသည်။ ထိုနောက် နှစ်အနည်းငယ်ကြာသွားသောအါ မင်းသိင်္ခ မရမ်းတလင်းခြံထဲ ရောက်နေပြီး ကျွန်တော့်ကို သူထံလာဖို့ အကြိမ်ကြိမ်မှာသည်။ သို့သော်လည်း ကျွန်တော် တော်တော်နှင့် မသွားဖြစ်ခဲ့။ အခမ်းအနားတစ်ခုလုပ်ပြီး ဖိတ်မန္တက ပြုသောအခါကျမှ ဆရာမင်းသိင်္ခထံ ရောက်သွားသည်။
ထိုအကြိမ်တွေ့သောအခါ၌လည်း မင်းသိင်္ခက “ ကျွန်တော် မျက်စိ သိပ်မကောင်းတဲ့အတွက် သိဒ္ဓတ္ထကို မဖတ်နိုင်တော့ဘူး။ ဒါပေမယ့် သိဒ္ဓတ္ထ အစွဲအလမ်းကြီးတဲ့အတွက် ကျွန်တော်တပည့် ကိုကျော်ပြောင်ကိုသိဒ္ဓတ္ထ အသံသွင်းခိုင်းတာ အခွေရှစ်တွေရှိတယ်။ အဲဒီအခွေရှစ်ခွေကော်ပီ ဆရာ့ကိုပေးလိုက်မယ်” ဟူ၍ မင်းသိင်္ခက ပြောသည်။ ယင်းသို့အားဖြင့် သိဒ္ဓတ္ထသည် မိမိနှင့်မင်းသိင်္ခ ပေါင်းစည်းညီညွတ်မှုအတွက် “ပွိုင့်”တစ်ပွိုင် ဖြစ်လာသည်။
နောက် ပွိုင့်တစ်ပွိုင့်ကား “အိုရိုး” ဖြစ်သည်။ အိုရိုးကို မိမိကလည်း နှစ်သက် သဘောကျသည်။ မင်းသိင်္ခကလည်း အိုရိုး အသည်းစွဲတစ်ယောက် ဖြစ်သည်။ မိမိအပါ်၌ လွှမ်းမိုးနေသော အိုရှိုး၏ သြဇာသည် အလွန်တရာ လေးနက်သည်။ မင်းသိင်္ခအပေါ်၌ လွှမ်းမိုးနေသော အိုရှိုး၏ သြဇာသည်လည်း မသေးငယ်လှပေ။ သို့သော်လည်း မိမိအပေါ်နှင့် မင်းသိင်္ခအပေါ် လွှမ်းနေသော အိုရှိုး၏ သြဇာသည် တစ်ဦးနှင့်တစ်ဦး တူညီမှုမရှိပေ၊ မိမိက ဟင်းအိုးတစ်အိုးထဲက ဟင်းဖတ်များကို တစ်ဖတ်ပြီးတစ်ဖတ် ဆယ်ပြီး စားသည့်ပုံစံမျိုးနှင့် အိုရှိုး၏ အရေးအသားများကို မြန်မာမှုပြုသည်က များသည်။ မင်းသိင်္ခက ကျွန်တော် ဟင်းဖတ်များ တစ်ဖတ်ပြီးတစ်ဖတ် ဆယ်ယူ စားသုံးနေသော ဟင်းအိုးထဲက အငွေ့အသက်မျှလောက်သော ယူသည်။
“မနောမယ ထမင်းဝိုင်း” ခေါင်းစဉ်ဖြင့် မင်းသိင်္ခရေးသောစာများထဲတွင် အိုရှိုး၏ အရိပ်အယောင် လွှမ်းနေသည်ကို အိုရှိုး၏ စာအများအပြား ဖတ်ထားသူမှလွဲ၍ တခြားသူရိပ်မိဖို့ မလွယ်ပေ။ မင်းသိင်္ခသည် အိုရှိုးအစွဲ ကြီးမား လွန်းလှသည်ဖြစ်၍ ဒုတိယအကြိမ် အိန္ဒိယကို သွားသည်။ ထိုအချိန်၌ အိုရှိုးမရှိတော့သည်မှာ ၁၆ နှစ်လောက်ကြာ သွားပြီ။ သို့သော်လည်း မင်းသိင်္ခသည် “အိုရှိုးဖောင်ဒေးရှင်း” ကို မရာက်ရောက်အောင်သွားခဲ့သည်။ အိန္ဒိယမှ ပြန်လာသောအခါ မင်းသိင်္ခ၏ အသွင်အပြင် အတော်ပြောင်းလဲသွားသည်ကို တွေ့ရသည်။ ယခင်က ပိတ်ဖြူစင်ကြယ် ၀တ်လေ့ဝတ်အစားကို မ၀တ်တော့ဘဲ ယောဂီရောင် အ၀တ်အစားကိုသာ ၀တ်ရုံသည်ကို တွေ့လာရသည်။ သူ၏ ၀တ္ထုစာအုပ်အမည်ဖြင့် မှည့်ထားသော အဆောင်များကိုလည်း “ရာဇဂြိုဟ်” အဆောင် အမည်များကို ပြောင်းလဲမှည့်ထားသည်ကို တွေ့ရသည်။
မင်းသိင်္ခသည် အိုရှိုးဗွီဒီယို အခွေတစ်ခုကို ယူဆောင်လာသည်။ မင်းသိင်္ခ ယူဆောင်လာသော အိုရှိုး ဗီဒီယိုအခွေကို ပြမှ မိမိလည်း အိုရှိုးအသွင်အပြင်ကို တွေ့မြင်သိရှိရခြင်းဖြစ်သည်။ မိမိက မှာလိုက်သည့်အတွက် မင်းသိင်္ခသည် အိုရှိုးရေးသော အင်္ဂလိပ်ဘာသာစာအုပ် ၁၅ - အုပ် လောက်ကို ၀ယ်ယူလာသည်။ ယင်းစာအုပ်များထဲက အချို့ကို မိမိဌား၍ ဖတ်ကြည့်သည်။ ယင်းစာအုပ်ထဲက ကလေးပြဿနာနှင့် ပတ်သက်ပြီး ရေးထားသည့် စာအုပ်တစ်အုပ်ကို မနောမယ ဂျာနယ်ထဲတွင် အပတ်စဉ် ဘာသာပြန်ထည့်ခဲ့သည်။ ယင်းဆောင်း ပါး များစုပြီး ပြုံးပန်းတစ်ရာ စာပေက စာအုပ်ရိုက်နှိပ်ထုတ်ဝေသည်။
ယခုနှစ်ပေါင်း အတန်ကြာလာသောအခါ ဆရာမင်းသိင်္ခသည် မိမိနှင့် စည်းလုံးညီညွတ်မှု ပွိုင့်နှစ်ပွိုင်ဖြစ်သော သိဒ္ဓတ္ထနှင့် အိုရှိုးကိုလည်းကောင်း၊ သူ၏၀တ္ထုအရေးအသားများကို တသသဖြစ်နေသော စာဖတ်ပရိသတ် ကိုလည်းကောင်း ဗေဒင်ယတြာနှင့် ပတ်သက်သော သူ၏ တပည့်တပန်းများ ကိုလည်းကောင်း၊ တိုင်းပြည်အနှံ့ ပျံ့နေသော သူ့ပရိသတ်ကိုလည်းကောင်း ခွဲခွာပြီး တမလွန်ဘ၀ ရောက်ရှိသွားပြီ။ သူ၏ ပရိသတ်များသည် မိမိတို့ စွဲလန်းကြည်ညိုနေသော ဆရာမင်းသိင်္ခ ကွယ်လွန်အနိစ္စ ရောက်သွားသည်အတွက် နှမြောတသနေမည်မှာ အမှန်ပင်ဖြစ်သည်။
နာမည်ကျော်ကြားလှသော စာရေးဆရာကြီးနှစ်ဦး
အရူးအမူးစွဲလန်းခဲ့သော သိဒ္ဓတ္ထ အမည်ရှိသော စာအုပ်၏ အဖုံး

0 comments:
Post a Comment