ပြောတိုင်းအောင်စေ...ဆောင်ပါလေ

ကျွန်တော်တို့တတွေ လူ့လောကမှာ နေ့စဉ်နှင့်အမျှ စကားပြောနေရတဲ့ ကိစ္စ တွေဟာ အချိန်ပြည့် ရှိနေပါတယ်။ တစ်ဦးနှင့်တစ်ဦး (သို့) အဖွဲ့အစည်း တစ်ခုနှင့် တစ်ခုပေါ့။ ကိုယ်စကားပြောတဲ့အခါ အောင်မြင်ချင်ကြတာ လောက သဘာဝပါ။ တစ်ချို့ဆို ကိုယ်ဘာပြောပြော မအောင်မြင်လို့တဲ့။ ဖြစ်တတ်ပါ တယ်။ ကိုယ်စကားပြောတာကို တစ်ဖက်လူက လက်ခံခွင့်ရှိတယ်။ ဒါမှမဟုတ် ငြင်းပယ်ခွင့်လဲ ရှိတယ်။ ဒါကလည်း လူသားအားလုံးရဲ့ အခွင့်အရေးပဲ မဟုတ်လား။ ဒါပေမယ့် ကိုယ်ပြောတဲ့ စကားကို တစ်ဖက်လူက နားထောင်ရင် ကောင်းတာပေါ့။

ကိစ္စတစ်ခု အခွင့်အရေးကို တစ်ခုကို ကိုယ့်ရဲ့ အထက်လူကြီးကို တောင်းဆိုရမယ် ဆိုပါတော့ အဲဒီလိုအခါတွေဆိုရင် ကိုယ်ပြောတဲ့ တရားသောအခွင့်အရေးတွေကို ကိုယ့်ရဲ့ အထက်လူကြီးက နားထောင်အောင် လက်ခံအောင် သဘောတူအောင် ဆောင်သွားလို့ရတာပေါ့။

ကိုယ့်ရဲ့ လင်သား ဒါမှမဟုတ် ဇနီးမယား ဒါမှမဟုတ် သားသမီး မကောင်းတာတွေကို မလုပ်ဖို့ ကိုယ်က ပြောဆို ဆုံးမချင်တယ်ဆိုပါစို့။ ဒါဆိုရင် အခု ဒီအဆောင်လေးကို လက်ထဲမှာ ဆောင်ထားရင်း ဆုံးမလို့ရတာပေါ့။ ကိုယ်က အကြွေး သွားတောင်းတယ်ဗျာ။ ကိုယ်ပြောသမျှ နားထောင်စေချင်တယ်။ ရတာပေါ့။ ပြဿနာတစ်ခု ကို ကိုယ်က သွားပြီး ဖြေရှင်းချင်တယ် ဆိုပါစို့။ ပြေပြေလည်လည်ပြောဆို အောင်မြင်ချင်တယ် ဆိုပါစို့ ။ရတာပေါ့။ ပြောရရင်တော့ အများကြီးပဲ။ အဓိကက ကိုယ် စကားပြော အောင်မြင်ချင်တဲ့အခါ ဒီနည်းလေးအတိုင်း ဆောင်ရွက်လို့ရတယ်။

နောက် စကားပြောရတဲ့အလုပ်ကို အမြဲတမ်း လုပ်နေရတဲ့ လူတွေအတွက်ကတော့ အမြဲတမ်း စီရင်ပြီး ဆောင်ထားသင့်တာပေါ့။ ဥပမာ ဈေးသည်တို့၊ အရောင်းကိုယ်စာလှယ်တို့၊ အရောင်းဝန်ထမ်းတို့၊ ရှေ့နေတို့ တရားဟောဆရာတော်တို့၊ စာပေဟောပြောပွဲ လုပ်တဲ့အချိန်တို့ စတဲ့ ပုဂ္ဂိုလ်တွေကတော့ လက်ထဲမှာ ဒီအဆောင်ကို အမြဲတမ်းသာ ဆောင်ထားကြပေတော့။ စကားရှည်နေတာနဲ့ အဆောင်အကြောင်းတောင် မပြောရသေးဘူး။ ပြောဆိုသမျှအောင်စေ ဆိုတဲ့အဆောင်ကိုတော့ အောက်ပါအတိုင်း စီရင်ရပါတယ်။





ဒီအဆောင်ပုံကို ကြည့်ပါ။ မသိရင်တော့ ဟ... ဘာသီးကြီးတုန်းဟဆိုပြီး စဉ်းစားစရာ ဖြစ်သွားမယ်။ သံပရာသီး ဗျ။ ဒါ သံပရာသီးပါ။ ဒီအဆောင်လေးကို သံပရာသီးမှာ ရေးပြီး ဆောင်ရမယ်။ လုပ်ပုံ လုပ်နည်း အပြည့်အစုံကို ကျွန်တော် ပြောပြမယ်ဗျာ။ မကောင်းဘူးလား။

သံပရာသီးကောင်းကောင်းတစ်လုံးရဲ့အပေါ်မှာ (၈ ၊ ၃ ၊ ၇ ၊ ၀) ကိုရေးရမယ်။ ရေးတဲ့အခါ တစ်ဆက်တည်း ဆက်ဆွဲ သွားရမယ်။ ရေးတာကတော့ ဘာနဲ့ ရေးရေးပေါ့။ ပုံလေးအတိုင်း ဖြစ်အောင် ဆွဲရမှာနော်။ ဆွဲတဲ့အခါ ဒီအတိုင်းဆွဲလို့ မရဘူး။ ပါစပ်ကလည်း ဂါထာကို ရွတ်ဆိုပြီး ဆွဲရမယ်။ ဘယ်လို ရွတ်ရမလဲ ဆိုတော့...

(၈)-ကိုရေးတဲ့အခါ -ဥုံ အဋ္ဌမဂ္ဂင်္ဂါနိ ဟု ရွတ်၍ ဆွဲရမယ်။ ဆွဲတဲ့အခါ ဂါထာကို စရွတ်တာနဲ့ စဆွဲရမယ်။ (၈)ပြီးတာနဲ့ ဂါထာဆုံးရမယ်။ လက်ကို မကြွလိုက်နဲ့နော်။ (၃)ကို ဆက်ဆွဲမယ်။ (၃)-ကို ရေးတဲ့အခါကြတောာ့ ပါးစပ်က တိပိဋကတ္တယံ ဟုရွတ်ရမယ်။ နောက်(၇)ကို တစ်ဆက်တည်း သတ္တဗောဇ္ဈင်္ဂါ ဟု ရွတ်ဆို၍ ဆက်ဆွဲ။ နောက်ဆုံး (၀) ကိုကြတော့ သုညံစေ၀ မေဘ၀ိဿတိ ဆိုပြီး ဆွဲ(သူညက ဘယ်မှာလဲ မေးမှာဆိုးလို့ နောက်ဆုံး အ၀ိုင်းကြီးက သုညပေါ့)

မပြီးသေးဘူးနော်။ ဒီမှာ နောက်ဆုံး တစ်ဆင့်ကျန်သေးတယ်။ အဲဒီ သံပရာသီးကို ဒီဂါထာနဲ့ (၃၇)အုပ်မန်းရမယ်။ ဥုံ အဋ္ဌမဂ္ဂင်္ဂါနိ တိပိဋကတ္တယံ သတ္တဗောဇ္စင်္ဂံ ၊ သုညံစေ၀ မေ ဘ၀ိဿတိ ဆိုပြီး (၃၇)ခေါက် မန်းရမယ်။ နောက်ပြီး နယေပရံ ယုတ္တေ ချဉ်းဆရာချဉ်း ကပ်ဆရာ ကပ် သွာဟ ဆိုပြီး (၃၇)အုပ် ထပ်မန်းရမယ်။

ဥုံ အဋ္ဌမဂ္ဂင်္ဂါနိ တိပိဋကတ္တယံ သတ္တဗောဇ္စင်္ဂံ ၊ သုညံစေ၀ မေ ဘ၀ိဿတိ မှာ ကိုယ့်အတွက်ဆို မေ သူတစ်ပါးအတွက်ဆို တေ လို့ ပြောင်းလဲ၍ ရွတ်ဆိုပါဗျာ။

ဒါဆိုရင် ပြီးပြီပေါ့။ အဲဒါကို ဆောင်ထားရမယ်။ အဲဒီ သံပရာသီးကို ပွတ်ပွတ်ပြီး စကားပြောပေတော့ဗျို့။

သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
စေတနာကောင်းဖြင့်
ဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ


0 comments:

Post a Comment