အိမ်ငှားဘ၀မှအိမ်ပိုင်ရှင်ဘ၀သို့...

အဲဒီအချိန်တုန်းက ကျွန်တော်ဟာ ဧရာဝတီတိုင်း မြန်အောင်ဆိုတဲ့ မြို့ကလေးမှာ ဗေဒင်ဟောခန်းဖွင့်ပြီး ဗေဒင် က္ခဏာဟောနေတဲ့ အချိန်ပါ။ ကျွန်တော်ရဲ့ အသက်(၂၉) တုန်းက အဖြစ်အပျက်လေးပါ။ ဒါပေမယ့် ဒီနေ့ထိအောင် အမှတ်ရနေဆဲ အဖြစ်အပျက်လေး ဆိုရင်လည်း မမှားပါဘူး။

ကျွန်တော်က အဘရဲ့ အယူတော်မင်္ဂလာ မရမ်းတလင်းခြံထဲမှာ (၅)နှစ်လောက် သန္ဓေတပည့်အဖြစ် နေထိုင်လာခဲ့ပြီး ကျွန်တော်ရဲ့ အသက် (၂၉)နှစ်မှာ မရမ်းတလင်းခြံကနေ အပြင်လောကကို ထွက်လာခဲ့တယ်။ အဘဆီမှာ ဟောခန်းဖွင့်ခွင့်တောင်းပြီး ကျွန်တော်ရဲ့ ဇာတိမြို့ကလေးဖြစ်တဲ့ မြန်အောင်မြို့ကို ပြန်လာခဲ့တယ်။ မြန်အောင်မှာ ရွှေဘုံသာဆိုတဲ့ ရပ်ကွက်ကလေးမှာ အိမ်လေးတစ်လုံးငှားပြီး ပထမဦးဆုံး ကျွန်တော်ရဲ့ (ဥုမ်သဟာ) ဗေဒင်ဟောခန်းလေးကို စတင်ပြီး ဖွင့်လှစ်ခဲ့ပါတယ်။

မြန်အောင်မှာ နေခဲ့တဲ့ အချိန်တုန်းက ကိုအေးမောင်ဆိုတဲ့ ဆိုက္ကားသမား တစ်ယောက်နဲ့ မိတ်ဆွေ ဖြစ်ခဲ့ရတယ်။ ကိုအေးမောင်က အတော့်ကို ရိုးသားရှာတယ်။ လောကကြီးမှာ ရိုးရိုးတွေးပြီး ရိုးရိုးအေးအေးပဲ နေထိုင်တယ်။ သူ့ အမျိုးသမီးကတော့ ရွှေဘုံသာ ဈေးလေးမှာ ကုန်စိမ်းရောင်းတယ် ။ သူတို့မှာ သမီးလေး တစ်ယောက်နဲ့ သားလေး တစ်ယောက် ရှိတယ်။

မြန်အောင်မှာတုန်းက ကျွန်တော်က မြို့ထဲက ဘုရားမှာ သွားသွားပြီး ပုတီးစိပ်တယ်။ ပုတီးစိပ်သွားရင် ကိုအေးမောင် ဆိုက္ကားကို ခေါ်သွားနေကျ။ ပထမတစ်ရက် နှစ်ရက်ပဲ သူက ပိုက်ဆံယူတယ်။ နောက်ရက်ကြ တော့ သူက ပိုက်ဆံ မယူတော့ပါဘူး။ ကျွန်တော် အတင်းပေးတာတောင် သူက လက်မခံဘူး။ ဆရာသမား ပုတီးစိပ်ပြီးရင် ကျွန်တော်တို့ မိသားစုအတွက် ဆုတောင်ပေးရင် ရပါပြီတဲ့။ ည(၁၀)နာရီ လောက်ဆိုရင် ကျွန်တော် ပုတီးစိပ်တာပြီးသွားပြီ။ အပြန်ကြတော့ ကျွန်တော်တို့က အားကာရုံဘက်ကနေ လှည်ပြန်ပြီး ရွှေမြို့တော် လဘက်ရည်ဆိုင်မှာ သူရယ် ကျွန်တော်ရယ် ထိုင်ပြီး လဘက်ရည် တစ်ယောက်တစ်ခွက် သောက်ကြတယ်။

များသောအားဖြင့်တော့ စကားပြောရင် ကျွန်တော်ကပဲ ပြောတာများတယ်။ ကိုအေးမောင်ကြီးကတော့ သူ့အ ကြိုက် ဆင်မင်း ဆေးလိပ်ကိုဖွာရင်း ကျွန်တော် ပြောသမျှကို ခေါင်းတညိတ်ညိတ်နဲ့ နားထောင်နေတတ်ပါတယ်။ ကျွန်တော်ပြောရင်လဲ ကျွန်တော်က တခြားအကြောင်း မပြောဘူး။ မရမ်းတလင်းခြံနဲ့ အဘမင်းသိင်္ခ အကြောင်း ခြံထဲက သန္ဓေဆရာ တွေအကြောင်း အမြဲတမ်း အလွမ်းပြေ ပြောဖြစ်တယ်။

အဲဒီလိုနဲ့ ကိုအေးမာင်နဲ့ ကျွန်တော်နဲ့ ခင်မင်လာကြတာ (၅)လလောက်လဲ ရောက်ရော ကိုအေးမောင်က ကျွန်တော်ကို စကားတစ်ခွန်း ထူးထူးဆန်းဆန်းပြောတယ်။ ဆရာရယ်တဲ့။ အရမ်းအကောင်းကြီး မဟုတ်ရင် တောင် အိမ်ပိုင်လေး တစ်လုံးလောက်နဲ့ နေချင်လိုက်တာတဲ့။ အဲဒါ ဆရာလေးတို့ ပညာနဲ့ ယတြာလုပ်လို့ မရဘူး လားတဲ့။ လုပ်လို့ရရင် ကျွန်တော့်ကို လုပ်ပေးပါ ဆရာလေးရယ်လို့ ကိုအေးမောင်က ပြောတယ်။

အဲဒီတော့ ကျွန်တော်ကလည်း ရှိတယ်ဗျ။ မြန်တာ ကြာတာတော့ ကျွန်တော်လည်း မပြောနိုင်ဘူး။ ဒါပေမယ့် အိုးပိုင် အိမ်ပိုင်နဲ့ နေချင်ရင် လုပ်လို့ရတဲ့ အစီအရင်တော့ ရှိပါတယ်လို့ ဆိုတော့ ကိုအေးမောင်ကြီး မျက်လုံးတွေ အရောင်တောက်လာတယ်။ ပြီးတော့ မ၀ံ့မရဲလေသံနဲ့ တကယ်လားဆရာတဲ့။

ကျွန်တော်ကလည်း တကယ်ပြောတာပါ ကိုအေးမောင်ရဲ့။ ကျွန်တော်က ခင်ဗျားကို ယတြာ နှစ်မျိုး လုပ်ခိုင်းမယ်။ ခင်ဗျားကလည်း ယုံယုံကြည် လေးလေးနက်နက် လိုက်လုပ်ပေါ့ဗျာလို့ ကျွန်တော်က ပြောလိုက်တော့ ကို အေးမောင်ကြီးက စိတ်ချပါ ဆရာလေးရယ်။ ကျွန်တော် ယုံယုံကြည်ကြည် လုပ်ပါ့မယ်။ ကျွန်တော်က ကျွန်တော်မိန်းမနဲ့ ကလေးနှစ်ယောက်ကို ကိုယ့်အိုး ကိုယ်အိမ်လေးနဲ့ ထားချင်ပြီ ဆရာလေးရဲ့တဲ့။ အခုနေတဲ့ အိမ်လေးကလည်း အိမ်ငှားလို့သာ ပြောရတာပါဆရာရယ်။ ကျွန်တော့် ညီအရင်းရဲ့ အိမ်လေးပါပဲ။ တစ်ခြားလူကို ငှားထားမယ့်အစား အကိုတို့ နေချင်နေဆိုပြီး နေနေရတာ ဆရာလေး။ ညီရဲ့ မိန်းမကတော့ သိပ်ကျေနပ်ပုံ မရဘူး ဟု ပြောပြလေ၏။

ထို့နောက် ကျွန်ုပ်လည်း ကိုအေးမောင်ကို အိုးပိုင်အိမ်ပိုင်နှင့် အမြန်နေရစေသော အောက်ပါယတြာကို ပြောပြရ လေ၏။ ကဲ ကိုအေးမောင်ရေ.. နံပါတ်(၁)ယတြာကတော့ ခင်ဗျားက အုန်းသီးခွံနှင့် စာကလေးအိမ် ဆောက်လုပ်ရမယ်။ အပြင်ကတော့ အုန်းဆံကြိုးနှင့် ချဉ်ပြီး ခင်ဗျားအိမ် တံစက်မြိတ်မှာ တွဲလောင် ချဉ်ထားဗျာ။ နေ့တိုင်းတော့ အဲဒီငှက်အိမ်လေးတွေမှာ နေကြတဲ့ ငှက်ကလေးတွေကို အစာကျွေးဗျာ။ အစာကျွေးရင်းနဲ့ ကျွန်ုပ် သည်လည်း အိုးပိုင်အိမ်ပိုင်နှင့် အမြန်နေနိုင်ရပါစေလို့ ဆုတောင်းပေတော့။ ဒါ နံပါတ်(၁) ယတြာပဲ။

နံပါတ်(၂)ယတြာက ဘာလုပ်ရမလဲဆိုတော့ ခင်ဗျား ညောင်ပင်ကြီးကြီး တစ်ပင်ကို သွားရမယ်။ အဲဒီ ညောင်ပင် မှာသွားပြီး သန့်ရှင်းရေးတွေ ဘာတွေလုပ်။ ပြီးရင် နောက်နေ့ကျရင် အဲဒီညောင်ပင်ကြီးမှာ ရုက္ခဇိုးစင် သွားလှူရမယ်။ အဲဒီ ခင်ဗျားလှူတဲ့ ရုက္ခဇိုးစင်မှာလဲ မကြာမကြာသွားပြီး ကောက်ညှင်းပေါင်းတို့ ဖယောင်းတိုင်တို့ အမွှေးတိုင်တို့ ပန်းတို့ တတ်နိုင်သလောက် သွားလှူဗျာ။ ပြီးရင် ရုက္ခဇိုးနတ်မင်းဆီမှာ အိုးပိုင် အိမ်ပိုင် တစ်လုံးနဲ့ အမြန်နေရပါလို၏လို့ ဆုတောင်းရမယ်။

ပြီးရင် ကျွန်တော်က ခင်ဗျားကို ဂါထာ တစ်ပုဒ်လည်း သင်ပေးမယ်ဗျာ။ ညောင်ပင်ကို သွားတိုင်း အဲဒီဂါထာကို (၃၇)ခေါက် ပြည့်အောင် အမြဲ ရွတ်ရမယ်ဗျာဟု ကျွန်ုပ်ကပြောရင်း ကိုအေးမောင်ကြီးကို ကြည့်ကာ ဘယ်လိုလဲ ကိုအေးမောင် ခင်ဗျား လုပ်နိုင်ပါ့မလားလို့ မေးလိုက်တော့... ကိုအေးမောင်ကြီးက... အိုးပိုင်အိမ်ပိုင်သာ ရမယ်ဆိုရင် လုပ်နိုင်ပါတယ်ဗျာဟု ပြန်၍ပြောလေ၏။

ဆက်လက်၍ ကျွန်ုပ်က ဂါထာကိုလည်း သင်ပေးလိုက်လေ၏။ ဂါထာကို အောက်ဆုံးတွင် သီးသန့် ဖော်ပြ ပေး ထားပါသည်။

ထိုအဖြစ်အပျက်များ ဖြစ်ပွားပြီး (၅)လခန့်အကြာတွင် ကိုအေးမောင်၏ ညီသည် ပြည်မြို့သို့ အပြီးတိုင် ပြောင်းရွေ့သွားလေ၏။ ကိုအေးမောင်တို့ နေနေသော အိမ်လေးကိုလည်း တတ်နိုင်သော ဈေးနှုံးထားဖြင့် အပြီးတိုင် ရောင်းချသွားသောကြောင့် အိမ်ငှားဘ၀နှင့် နေထိုင်နေရသော ကိုအေးမောင်တို့ မိသားစုသည် အိမ်ပိုင်ဖြစ်သွားကြလေတော့၏။

မှတ်ချက်။....။ ၎င်းကိုအေးမောင်ဆိုသော ရိုးသားအေးဆေးသော ဆိုက္ကားသမားသည် ယခုအခါ ဧရာဝတီတိုင်း မြန်အောင်မြို့ ရှားတောဟုအမည်ရသော အရပ်ဒေသတွင် အေးချမ်းစွာနေထိုင်လျှက် ရှိပါသည်။

ရုက္ခဇိုးဂါထာတော်

အာကာသဋ္ဌာန ဘူမဋ္ဌာစ
ရုက္ခဋ္ဌာစ မဟိဒ္ဓိကာ။
ဣဒ္ဓိမန္တော စ ယေ ဒေ၀ါ။
မံ ပါပေတု ပတိစ္ဆိတံ။

1 comments:

ဒေါင်းမင်း said...

နိုင်ငံခြားမှာညောင်ပင်မရှိဘူးလေ။အဲဒါညောင်ပင်အစားဘယ်အပင်လုပ်ရမလဲဆရာ

Post a Comment