မိုးကောင်းကင်နဲ့ တူတဲ့ သူငယ်ချင်း(မင်းသိင်္ခ)

ကြီးပွားချမ်းသာဖို့ ကြိုးစာအားထုပ်နေသူများ အတွက် အထောက်အပံ့ ဖြစ်စေချင်းငှာ ဖော်ပြပါသည်။

အဲဒီတုန်းက ကျွန်တော်(၁၀)တန်းကျောင်းသားပဲ ရှိသေးတယ်။ အစိုးရကျောင်းမှာ မတက်ဘဲ အလွတ်ပညာသင် ကျောင်းမှာ သွားတက်တယ်။ အဲဒီ အလွတ်ပညာသင်ကျောင်းက ရန်ကုန်မှာ မြင်းပွဲတွေ ဘာတွေလုပ်တဲ့ မြင်းကွင်းနားမှာ ရှိတယ်။ ကျွန်တော်တို့ သူငယ်ချင်း သုံးယောက် အတူတက်ကြတယ်။ ကျွန်တော်ရယ် အုန်းမြင့် ဆိုတဲ့ အကောင်က တော်တော်ချာတဲ့ကောင်။ စာမလိုက်နိုင်ရှာဘူး။ ပြီးတော့ ဒီကောင်က စာမကျိုးစားဘူး။ မြသွေးကတော့ မပြောနဲ့တော့ ကျောင်းကို မှန်မှန်မတက်ဘူး။ သူ့ရဲ့ လွယ်အိပ်မှာလဲ ကျောင်းစာအုပ်ကို မရှိဘူး။ မြင်းတစ် စာအုပ်တွေနဲ့ လွယ်အိပ်ကို ဖောင်းနေတာ။ ဒီကောင်ကတော့ ကျောင်းသားကနဲ့ ကို မတူဘူး။

တစ်နေ့တစ်နေ့ မြင်းသမားတွေထိုင်တဲ့ လဘက်ရည်ဆိုင်မှာ အချိန်ကုန်တော့တာပဲ။ မြင်းစာအုပ်တွေနဲ့ လာမယ့်အပတ် ဘယ်မြင်းနိုင်မယ်ဆိုတာ တါက်နေတော့တာပဲ။ မြသွေးအနေနဲ့ ကောင်းတာ တစ်ခုတော့ရှိတယ်။ ဒီကောင်မြင်းနိုင်လာရင် ကျွန်တော်နဲ့ အုန်းမြင့်ကို လာခေါ်ပြီး ထမင်းကျွေးတယ်။ ဘိုင်စကုတ်ပြတယ်။ အင်္ကျီတွေ ဘာတွေ ချုပ်ပေးတယ်။ လုံချဉ်တွေလည်း ၀ယ်ပေးတယ်။ မြသွေးအနေနဲ့ နောက်တစ်ခု ကောင်းတာရှိသေးတယ်။ အဲဒါက ဘာလဲ ဆိုတော့ ဒီကောင်မြင်းရှုံးရင် ကျွန်တော်တို့ဆီလာပြီး ဒုက္ခမပေးဘူး။ အဲဒီတော့ ကျွန်တော်နဲ့ အုန်းမြင့်က မြင်းပွဲနေ့ဆိုရင် မြသွေးနိုင်ပါစေလို့ အလိုလို ဆုတောင်းမိရက်သား ဖြစ်နေကြတယ်။

ပြီးတော မြသွေးဆိုတဲ့ ကောင်က တစ်လမှာ ကျောင်းကို နှစ်ရက်တည်းတက်တာ။ ကျောင်းလခပေးတဲ့နေ့မှာ တစ်ရက်တက်တယ်။ (၁၅)ရက်နေ့မှာ တစ်ရက်တက်တယ်။ (၁၅)ရက်နေ့ တစ်ရက်တက်တာကတော့ ကျွန်တော်ကို ပိုက်ဆံပေးဘို့ တက်တာ။ ကျွန်တော်က သူ့အတွက် မှန်စုစာအုပ်တွေ ကူးပေးရတယ်။ အဲဒီအတွက် သူက လခရှင်းတဲ့ သဘောပဲ။ (၁၅)ရက်အတါက် ငါးကျပ်ပေးတယ်။ ကျန်ဆယ့်ငါးရက် အတွက်ကိုတော့ ကျောင်းလခပေးတဲ့နေ့မှာ ကျွန်တော်ကိုပါ ရောပြီးပေးတယ်။ အဲဒီတော့ ကျွန်တော်က မြသွေးဆီက တစ်လတစ်ဆယ်ရတယ်။

စာမေးပွဲဖြေဖို့ သုံလပဲ လိုတဲ့အခါမှာ ကျွန်တ်ေက မြသွေးကို “ စာမေးပွဲဖြေဖို့ သုံလပဲလိုတော့တယ် ကိုယ်လူရေ ကျောင်းလေးဘာလေး လာတက်ဦး ” လို့ သတိပေးတယ်။ အဲဒီအခါမှာ ဒီကောင်က ဘာပြန်ပြောသ လဲဆိုတော့...

“ ဟေ့ကောင် အောင်ထွန်း... ငါ့ကို မဆုံးမပါနဲ့။ ငါမုန်းတဲ့အရာထဲမှာ အဆုံးအမဆိုတဲ့ အရာပါတယ်ကွ။ ငါချစ်တဲ့ အရာကတော့ ငါ့ကို မြှောက်ပေးခြင်းပဲ။ ငါ့ကို ချစ်ရင် ငါလုပ်တဲ့အရာဟာ ကောင်းကောင်း မကောင်းကောင်း ငါ့ကို မြှောက်ပေးပါ။ ငါ့ကို မဆုံးမပါနဲ့ ”

“ ဘာပဲ ဖြစ်ဖြစ် ကျွန်တော် တော်တော်ကို စိတ်ဆိုးသွားတယ်။ ကျွန်တော် သူ့ကို စေတနာနဲ့ပြောတာ မဟုတ်လား။ ကျွန်တော့် စေတနာကို အသိအမှတ် ပြုဖို့ ကောင်းတယ်။ ကျွန်တော် စိတ်မဆိုးပဲ နေပါ့မလား။ အဲဒါကြောင့်လဲ ကျွန်တော်က ...

“ (၁၀)တန်း မအောင်ရင် မင်းအနေနဲ့ ခွေးဖြစ်သွားမယ်၊ အဲဒါကို ငါ့က စိုးရိမ်လို့ ပြောတာ” လို့ ကျွန်တော်က ဒေါနဲ့ မောနဲ့ ပြောလိုက်တယ်။ အဲဒီတော့ မြသွေးက ထိပ်ထိပ်ပြာပြနဲ့..“ ဟေ့ကောင် အောင်ထွန်း ၊ ငရဲကြီးလိမ့် မယ်။ အဲလို မပြောနဲ့။ (၁၀)တန်း မအောင်လို့ ခွေးဖြစ်တဲ့လူ တစ်ယောက်မှ မရှိဘူး။ မင်းအဖိုးလည်း ဆယ်တန်းမအောင်ပါဘူး။ ငါ့ဘကြီးလည်း ဆယ်တန်းမအောင်ဘူ။ မင်းပြောသလို မဖြစ်ပါဘူးကွာ။ လူကြီးသူမတွေကို မစော်ကားပါနဲ့ကွာ။ ငရဲကြီးလိမ့်မယ်။ အင်း ခုမှ သတိရတယ်။ မင်းတုန်းမင်းကြီးတောင် ဆယ်တန်းမအောင်ဘူး ” လို့ ကျွန်တော်ကို ပြောတယ်။

“ ဟေ့ကောင်မြသွေး။ လူလည် မလုပ်နဲ့။ အဲဒီ လူတွေနဲ့ ဘာမှ မဆိုင်ဘူး။ မင်းကို ပြောတာ။ အဲဒီလူတွေက ဆယ်တန်းမအောင်ရင် ဘာမှ မဖြစ်ဘူး.။ မင်းတို့ ငါတို့ကတော့ ဆယ်တန်း မအောင်ရင် ခွေးဖြစ်မှာ သေချာတယ် ” လို့ ကျွန်တော်က ပြန်ပြီး ပြောလိုက်တယ်။ အဲဒီလိုနဲ့ (၁၀)တန်း ဖြေတဲ့ အချိန် ရောက်လာတယ်။ ကျွန်တော်တို့ သုံးယောက်စလုံး ကြည့်မြင်တိုင်က အေဘီအမ်ကျောင်းမှာ သွားဖြေရတယ်။ ကျွန်တော် ခုံနံပါတ်ကို ကျွန်တော် မှတ်မိသေးတယ်။ ကျွန်တော်က (၈၈၄၈) ။ အုန်းမြင့် ခုံနံပါတ်ကလည်း ကျွန်တော်နဲ့ သိပ်မဝေးဘူး။ မြသွေး ခုံနံပါတ်ကတော့ (၉၀၀၀)ကျော်မှာ။ အတိတိအကျတော့ မမှတ်မိဘူး။ ဒီကောင်က ကျွန်တော်ကိုတွေ့တော့...

“ (၁၀)တန်း အောင်ချင်လို့ မဟုတ်ပါဘူးကွာ။ ငါ့သူငယ်ချင်း တစ်ယောက်က (၁၀)တန်း မအောင်ရင် ခွေးဖြစ်မယ်ပြောလို့ ငါက ခွေးဖြစ်မှာ ကြောက်လို့ လာပြီး ဖြေတာ။ ” လို့ ကျွန်တော်ကို ရိရိတိတိ လာပြောသေးတယ်။ ကျွန်တော်က စိတ်ဆိုးပြီး “ ဟေ့ကောင် လူယုတ်မာ၊ မင်းအတွက် ငါက စေတနာနဲ့ ပြောတာ။ မင်း ငါ့ကို အူကြောင်ကြောင် မပြောနဲ့။ မင်းပါးစပ်ထဲက သွားတွေ အောက်ပြုတ်ကျသွားလို့ တစ်ချောင်းဆီ ကောက်နေရမယ်” လို့ ကြိမ်းလိုက်တယ်။ အဲဒီတော့ ကျွန်တော် စိတ်ဆိုးသွားမှန်း ဒီကောင်က သိတယ်။

“ မင်း ငါ့ကို တကယ် စိတ်ဆိုးသွား သလား။ မဆိုးပါနဲ့ကွာ။ ငါက ကျီစားတာပါ။ ” ဆိုပြီး ကျွန်တော်ခေါင်းကို တစ်ချက် ဒေါက်ကနဲ့ ခေါက်လိုက်တယ်။ ပြီးတော့ ဒီကောင်က “ လူတစ်ဖက်သားက ကိုယိ့ကို နောက်ရင် ပြန်ပြီး နောက်ရတယ်ကွ။ ကျီစားရင် ပြန်ပြီး ကျီစားရတယ်။ နောက်မှန်းမသိ ၊ ကျီစားမှန်းမသိ စိတ်ဆိုးတဲ့ ကောင်မျိုးဟာ ဘယ်တော့မှ မကြီးပွားဘူး။ မှတ်ထား ငတုံးလေးရဲ့ ” ဟု ပြောပြီး သူဖြေရမယ့် အခန်းဘက်ကို ထါက်သွားတယ်။ ကျွန်တော်က ပါးစပ်က ပွစိပွစိနဲ့ ဆဲပြီးတော့ ကျန်ရစ်ခဲ့တယ်။ အဲဒါကို ဘေးနားမှာရှိတဲ့ အုန်းမြင့်က...

“မြသွေးရေ... မင်းကို ဆဲနေတယ်ကွ ” လို့ လှမ်းပြီး အော်ပြောတယ်။ အဲဒီတော့ မြသွေးက လှည့်ပြီး ... “ ငါသိပါတယ်။ ဒီကောင် ငါ့ကို ဆဲနေတယ်ဆိုတာ ။ ဘယ်လို ဆဲနေသလဲဆိုတာတောင် သိသေးတယ်။ လဒထိပ်နီနဲ့ မျောက်မောင်းမ စပ်ပြီးမွေးတဲ့ ကောင်စား လို့ ငါ့ကို ဆဲနေမှာကွ။ လို့ မြသွေးက ပြန်ပြီး ပြောတယ်။ အဲဒီတော့ ကျွန်တော် မနေနိုင်တော့ဘူး။ ရယ်တော့တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တာ် ဒိကောင်ကို ဆဲတာ အဲဒီအတိုင်း ဆဲနေတာ။

အဲဒီလိုနဲ့ စာမေးပွဲဖြေကြတယ် ဆိုပါတော့။ ဖြေပြီးနှစ်လလောက်ကြာတော့ အောင်စာရင်းထွက်တယ်။ ကျွန်တော်လဲ မအောင်ဘူး။ အုန်းမြင်လဲ မအောင်ဘူး။ ကျောင်းမတက်တဲ့ မြသွေးက စွတ်ရွတ်ပြီး အောင်သွားတယ်။

ဒုတိယပိုင်းကို ဆက်လက်ဖော်ပြပေးပါမည်။

0 comments:

Post a Comment