ပုတီးစိပ်ရင် နံပါတ်တစ် ထမင်းဝအောင်စားရမယ်။

တစ်နေ့သ၌ ကျွန်ုပ်သည် ကျွန်ုပ်၏အိမ်ရှေ့ရှိ သရက်ပင်အောက်တွင် ထိုင်ကာ ကျွန်ုပ်ကို ကျွန်ုပ် ဗေဒင်တွက် ကြည့်နေလျှက်ရှိ၏။ ထိုအချိန်၌ လူတစ်ယောက်သည် ကျွန်ုပ်အား ခွင့်တောင်းခြင်း မပြုပဲ ကျွန်ုပ်၏ ခြံတံခါးကို တွန်းဖွင့်၍ ၀င်လာပြီးလျှင် ကျွန်ုပ်၏ အနီးသို့ ရောက်ခါနီးမှ ၀င်ခွင့်ပြုပါဟု ခွင့်တောင်းလေ၏။ ထိုအခါ ကျွန်ုပ်က

ခင်ဗျားက ဘာနဲ့တူသလဲဆိုတော့ မိန်းကလေး တစ်ယောက်ကို ဖက်နမ်းပြီးမှ ချစ်ရေးဆိုသလို ဖြစ်နေတယ်။ အိမ်ထဲကို ရောက်ပြီးမှ ၀င်ခွင့်ပြုပါဆိုတော့ ကျုပ်က ဘယ်လိုလုပ်ရမှာလဲဟု ကျွန်ုပ်က ပြောလိုက်လျှင် ထိုသူက အဲဒါကတော့ ဆရာရယ် လောကကြီးတစ်ခုလုံး မှားနေတဲ့ အမှားမျိုးပဲ။ ကျွန်တော် တစ်ယောက်ထဲ ဖြစ်နေတာ မဟုတ်ပါဘူး ဆရာရယ်။ ခွင့်လွှတ်လိုက်ပါဟု ပြော၍ ကျွန်ုပ်ရှေ့ရှိ ထိုင်ခုံတွင် ၀င်ထိုင်ပြီးလျှင် " ထိုင်ခွင့်ပြုပါ ဆရာ "ဟု ပြောလေ၏။ ထို့ကြောင့် ကျွန်ုပ်က...

ခင်ဗျားကလည်း ဘယ်လိုလူမှန်း မသိဘူး။ ထိုင်ပြီးမှပဲ ထိုင်ခွင်ပြုပါတဲ့။ ကျုပ်က ဘယ်လို လုပ်ရမှာလဲ။ မထိုင်နဲ့လို့ ပြောရမှာလားဟု ကျွန်ုပ်က ဒေါနှင့် မောနှင့် ပြောလိုက်ရာ ထိုသူက... ဒါကတော့ တစ်ကမ္ဘာလုံး မှားနေကြတဲ့ အမှားမျိုးပဲ။ ကျွန်တော် တစ်ယောက်တည်းမှ မဟုတ်တာ။ ခွင့်လွှတ်လိုက်ပါ ဆရာရယ်ဟု ထိုသူက ပြောလေ၏။

ခင်ဗျားနဲ့ ကျွန်တော်နဲ့ နှစ်ယောက်တည်း ကိစ္စမှာ ဘာဖြစ်လို့ ကမ္ဘာကို ထည့်ပြောနေရတာလဲဟု ကျွန်ုပ်က ပြောလိုက်လျှင် ထိုသူက ......

ဒီလိုပါဆရာ။ ကျွန်တော်က နည်းနည်း ကြီးကြီးကျယ်ကျယ် ပြောချင်လို့ပါ။ ကမ္ဘာနဲ့ ဘာမှ မပါတ်သက်ပါဘူး။ ကျွန်တော် နာမည် ဧရာလို့ ခေါ်ပါတယ်ဆရာ။ မှတ်လည်း ထားပါဆရာရယ်။ ဆရာက လူတွေများလို့ ကျွန်တော့်ကို မှတ်မိမှာ မဟုတ်ဘူး။ ကျွန်တော်က အိမ်ထောင်နဲ့ပါ။ ကွန်တော်မိန်းမ နာမည်က နန္ဒာတဲ့။ ကျွန်တော်တို့ နှစ်ယောက်ပေါင်းတော“ဧရာနန္ဒ” ဖြစ်သွားတာပေါ့ ဆရာရယ်။


ကျွန်တော်မိန်းမကတော့ အိမ်တွေမှာလိုက်ပြီး အ၀တ်လျှော်တယ်။ ကျွန်တော်ကတော့ အလုပ်မရှိဘူး ဆရာရဲ့။ အခု ဆရာ့ဆီလာတဲ့ ကိစ္စက ကျွန်တော်တို့နှစ်ယောက်ရဲ့ ကံဇာတာကိုစစ်ပေးပါ ဆရာရယ်။ နံပါတ်တစ်-ကျွန်တော် ဘယ်တော့မှ အလုပ်ရမလဲ၊ နံပါတ်နှစ် - ကျွန်တော့်မိန်းမ ဘယ်တော့ အ၀တ်လျှော်တဲ့ အလုပ်က နားရမလဲ၊ နံပါတ်သုံး - ကျွန်တော်တို့ ဘယ်တော့ ကလေးရမလဲ၊ နံပါတ်လေး - ကလေးက ယောင်္ကျားလေးလား၊ မိန်ကလေးလား၊ နံပါတ်ငါး - အိုးပိုင်အိမ်ပိုင် ဘယ်တော့ရမလဲ။ နံပါတ်ခြောက် -ကျွန်တော်တို့ တစ်သက်လုံး ဒီလိုပဲ ကြပ်ကြပ်တည်းတည်းနဲ့ နေသွားရမလား၊ ဘယ်တော့ချမ်းသာနိုင်မလဲ၊ နံပါတ်ခုနှစ် - ကျွန်တော့်မှာ နိုင်ငံခြားရောက်နိုင်တဲ့ ကံဇာတာပါသလား သိချင်ပါတယ် ဆရာ ” ဟု ပြောလိုက်ရာ ကျွန်ုပ်က

“ နံပါတ်ရှစ် - ကိုယ့်လူ ပြန်တော့၊ နံပါတ်ကိုး - နောက်ဘယ်တော့မှ မလာနဲ့” ဟု ပြောလိုက်လေ၏။ “ မလုပ်ပါနဲ့ ဆရာရယ်၊ အဲဒီလို မလုပ်ပါနဲ့၊ ချက်ချင်းကြီး ပြန်တော့တဲ့။ ဒါကတော့ နည်းနည်းကြမ်းတယ် ဆရာရယ်။ သိမ်သိမ်မွေ့မွေ့လေး လုပ်စမ်းပါ။ အခုအခါမှာ ကျွန်တော်ဟာ အားကိုးရာ မဲ့နေတဲ့လူပါ ဆရာရယ်။ ဥပမာနဲ့ ပြောရရင် သောင်ပြင်လွှတ်တဲ့ ရွှေဟင်္သာ ဌက်ကလေးလိုပါပဲ ” ဟု ပြောလျှင် ကျွန်ုပ်က -“ ကျုပ် ကြားဖူးတာကတော့ သောင်ပြင်လွှတ်တဲ့ ခွေးဆိုတာပဲ ကြားဖူးတယ် ” ဟု ပြောလိုက်ရာ ထိုသူက ခွေးဆိုတော့ ရိုင်းတာပေါ့ ဆရာရယ်၊ နည်းနည်း ပါးပါး ယဉ်ယဉ်ကျေးကျေး လုပ်စမ်းပါ ဆရာရဲ့၊ ကျွန်တော့်လို ဘာမဟုတ်တဲ့လူက ဆရာ့ကို ယဉ်ကျေးဖို့ ပြောနေရတယ်ဆိုတော့ ဆရာ့အနေနဲ့ မကောင်းပါဘူး” ဟု ပြောဆိုလိုက်ရာ ကျွန်ုပ်မှာ လွန်စွာ စိတ်ဆိုးသွားသည့်အလျှောက် .....


“ ကဲ - ကိုယ့်လူ ပြန်ပါတော့။ စကားလည်း မရှည်နဲ့တော့ အဲဒီလို ပြောတာမှ နားမလည်ရင် ဧရာ “ဂိုး” လို့ ပြောမယ်။ “ဧရာဂိုး” ဟု ပြောလိုက်ရာ ၎င်းဧရာဆိုသူမှာ ဟက်ဟက်ပက်ပက် ရယ်လေ၏။ ဧရာ “ဂိုး” လို့ မကြားဖူးပါဘူး ဆရာရယ်။ မဟုတ်က ဟုတ်ကတွေ မပြောစမ်းပါနဲ့၊ ကျွန်တော်ဆရာ့ကို စိတ်ညစ်အောင် မလုပ်တော့ပါဘူး၊ အမှန်အတိုင်း ပြောရရင် ကျွန်တော်တို့ လင်မယား နှစ်ယောက်ဟာ ထမင်းနပ်မှန်အောင် မစားရပါဘူး၊

နံပါတ်တစ် - အဲဒါလေး သေချာချင်တယ်။ နံပါတ်နှစ် - သေချာတဲ့ မနက်စား ညစာကလေးကိုပဲ ဟင်းကောင်း ထမင်းကောင်းလေး ဖြစ်စေချင်တယ်။ အဲဒါလေးပဲ ကူညီပါ ဆရာရယ်။ ကျန်တာတွေကတော့ ဖြည်းဖြည်းမှပဲ စဉ်းစားပြီး ကြိုးစားယူတော့မယ် ” ဟု ပြောလေ၏ ။

ကျွန်ုပ်သည် ၎င်း ကိုဧရာအပေါ်၌ စိတ်မဆိုးနိုင်တော့ပါ။ သူသည် အပြောအဆို မတတ်ခြင်းသာရှိ၏။ သို့သော် သူ၏ ဘ၀သည် သနားစရာ ကောင်းလှပေ၏။ အမှန်စင်စစ်အားဖြင့် သူသည် ထမင်း နပ်မမှန်သူ ဖြစ်၏ ။ သို့ရာတွင် စကားပြောရာ၌ မလိုအပ်တဲ့ နံပါတ်များတပ်၍ ပြောတတ်သူလည်း ဖြစ်၏ ။ ကျွန်ုပ်သည် ကိုဧရာ၏ မျက်နှာကို စူးစူးရဲရဲ ကြည့်လိုက်ပြီးနောက်....

“ခင်ဗျားအနေနဲ့ လောကီပညာကို ယုံသလား” ဟု မေးလိုက်ရာ ကိုဧရာက “နံပါတ်တစ် - ယုံတဲ့ အထဲမှာလည်းမပါဘူး၊ မယုံတဲ့ အထဲမှာလည်း မဟုတ်ဘူး။ နံပါတ်နှစ် - အကျိုးရှိရင် ယုံမယ်။ အကျိုးမရှိရင် မယုံဘူး၊ နံပါတ်သုံး - လူတိုင်းကို ဆရာ မတင်နိုင်ဘူး၊ နံပါတ်လေး -ခက်ခက်ခဲခဲလုပ်မှ ဖြစ်မယ်ဆိုရင် ယတြာ မလုပ်ချင်ဘူး ဆရာ။ အလုပ်ပဲ လုပ်ချင်တယ် ” ဟု ပြောလေ၏ ။

“ဒီမှာ ကိုဧရာ ခင်ဗျားနံပါတ်တွေကို ဘယ်တော့ဖြုတ်မှာလဲ၊ ကျုပ်က အဲဒီဂဏန်း သိပ်ပြီး မှန်းတယ်ဗျာ။ ကျုပ်နဲ့ စကားပြောရင် အဲဒီဂဏန်းတွေ၊ နံပါတ်တွေကို ဖြုတ်ပြီးမှ ပြောလို့ မရဘူးလား” ဟု ကျွန်ုပ်က ပြောလိုက်ရာ ထိုသူက.....

“ဒီလိုပါ ဆရာ နံပါတ်တစ် ကျွန်တော်က ဘာပဲလုပ်လုပ် သေသေချာချာ လုပ်ချင်တယ်။ ဒါကြောင့် စကားပြောရင် နံပါတ်တွေ ထည့်ပြောနေရတာ။ နံပါတ်နှစ် - ကျွန်တော်က သိပ်ပြီး တိကျတဲ့ ဦးလေးရဲ့ ထိန်းကျောင်းမှု့ အောက်မှာ ကြီးပြင်လာရတာ ဆိုတော့ ဘယ်တောဖြစ်ဖြစ် နံပါတ်တွေနဲ့ ပြောလေ့ရှိပါတယ်။ဆရာ။ အဲဒါကြောင့် ခွင့်လွှတ်ပါ ဆရာရယ်” ဟု ဧရာက ပြန်၍ ပြောလေ၏။ထိုအခါ ကျွန်ုပ်က....

“ ဒီမှာ ကိုဧရာ ခင်ဗျားရဲ့ ဒုက္ခတွေ ပြေပျောက်သွားဖို့ အတွက် ပုတီးစိပ်တဲ့ ယတြာတစ်ခု လုပ်ရမယ်။ အဲဒီယတြာမှာ အဆင့်တွေ အများကြီးပဲ။ အဲဒီတော့ နံပါတ်တစ်- ခင်ဗျားရဲ့ မွေးနေ့မှာ တရော်ကင်ပွန်းနဲ့ ခေါင်းလျှော်ပြီး ရေချိုးရမယ်။ နံပါတ်နှစ်- အဲလို ခေါင်းလျှော် ရေမိုးချိုးပြီးရင် ဘုရားစင်ရှေ့မှာ ထိုင်ပြီး တစ်ရာ့ ရှစ်လုံးရှိတဲ့ ပုတီးကို လေးထောင့် ပုံသဏ္ဌာန်ခင်းရမယ်။ နံပါတ်သုံး- လေးထောင့်ပုံသဏ္ဌာန် ခင်းပြီးရင် အပေါ် ဘယ်ဘက်ထောင့်မှာ ဖန်ခွက်နဲ့ ရေတစ်ခွက်ထားရမယ်။ အောက်ဘက် ညာဘက်ထောင့်မှာ လက်တစ်ဆုပ် လောက်ရှိတဲ့ မြေကြီးခဲ တစ်ခုထားရမယ်။ ပြီးတော့ အပေါ်ညာဘက်ထောင့်မှာ ခွက်တစ်ခွက်ထဲမှာ ယပ်တောင် တစ်ချောင်းကို စိုက်ထားရမယ်။ ပြီးတော့ အောက်ဘက် ဘယ်ဘက်ထောင့်မှာ ဖယောင်တိုင် တစ်တိုင်ကို စိုက်ပြီး ထွန်းထားရမည်။ အဲဒါဟာ ဓာတ်ကြီးလေးပါးပဲ၊ အဲဒါ ဘာလုပ်တာလဲလို့ မေးရင် ပုတီး အရံအတားနဲ့ ဓာတ်လေးပါးကို စုထားတာ။



အလွယ်မှတ်ထားဖို့က“ ပုတီးအရံအတား ဓာတ်လေးပါး။”နံပါတ်လေး- အဲဒီ ဓာတ်လေးပါးရဲ့ အလယ်ခေါင်းမှာ ခင်ဗျားဓာတ်ပုံကို ချထားရမယ်။ ဓာတ်ပုံမရှိရင် ခင်ဗျားနာမည်ကို ရေးထားရမယ်။ ပြီးတော့ ခင်ဗျားက အကျအန တင်ပျဉ်ခွေပြီး ထိုင်ရမယ်။ နံပတ်ငါး- ခင်ဗျားပုံကို ခင်ဗျားကြည့်ပြီး “ငါဟာ ဓာတ်ကြီး လေးပါးနဲ့ပြည့်စုံနေတယ်။ ဘာကိုမျှ ကြောင့်ကြ ၀င်နေစရာမလိုတော့ဘူး ဆိုတဲ့ စကားကို သက်စေ့ ရွက်ဆိုရမယ်။

အဲဒါကို ရွက်ဆိုပြီးတဲ့ အခါမှာ ခင်ဗျားရဲ့ ခေါင်းကနေ ခြေဖျားအထိ အကြောတွေ လျော့သွားပြီလို့ ခံယူပြီး စိတ်နဲ့ အကြောတွေကို လျှော့ပစ်ရမယ်။ ပြီးတော့ ခင်ဗျားစိတ်ထဲမှာရှိတဲ့ ပူပင်မှုတွေကိုလည်း ဖြုတ်ချ ပစ်လိုက်ရမယ်။ အဲဒီလို ဖြုတ်ချပစ်လိုက်တာနဲ့ ခင်ဗျားစိတ်က ပေါ့ပါး လွတ်လပ်သွားမယ်။ နံပါတ်ခြောက် “၀ရဒေါ ဒေတု မေ၀ရံ “၀” လို့ ရွတ်ဆိုရမယ်။ ရွတ်ဆိုတဲ့အခါမှာ ပုတီးနဲ့ရွတ်ဆိုရမယ်။ “နှစ်ဆယ့်ခုနှစ်လုံးပုတီး” နဲ့ သုံးဆယ့် ခြောက်ပတ်ပြည့်အောင် ရွတ်ဆိုရမယ်။

နံပါတ်ခုနှစ်- ပုတီးပတ် ပြည့်သွားတဲ့ အခါမှာ ခဏလေးငြိမ်ပြီး သတ္တ၀ါအားလုံး ၀၀လင်လင် စားရပါစေဆိုပြီး လေးလေးနက်နက် မေတ္တာပို့ရမယ်” ဟု ကျွန်ုပ်က ပြောလိုက်လျှင် ၎င်း ကိုဧရာက“ဆရာ့ကို မေးစရာရှိပါတယ်။ နံပါတ်တစ်- အဲဒါကို ဘယ်နှစ်ရက် လုပ်ရမှာလဲ။ နံပါတ်နှစ်- အဲဒါလုပ်ရင် ၀၀လင်လင် တကယ်စားရမှာလား။ နံပါတ်သုံး ဒီနည်းစဟာ ဆရာ့ဟာဆရာ့ စိတ်ကူးယဉ်ပြီး လုပ်ထားတာလား တစ်စုံတစ်ယောက်ဆီက ရတာလား။ နံပါတ်လေး- ကျွန်တော်လုပ်ရင် ကျွန်တော်“ဧရာ” တစ်ယောက်တည်း “၀”မှာလား ကျွန်တော့်မိန်းမ နန္ဒာပါ “၀” မှာလား”ဟု မေးလိုက်လေ၏။

ထိုအခါ ကျွန်ုပ်က-“ဒီမှာ ကိုဧရာ နံပါတစ်- လေးဆယ့်ကိုးရက်အတွင်းမှာ ထူးမှာပါဗျာ။ နံပါတ်နှစ် - ခင်ဗျားလို ဒုက္ခရောက်နေတဲ့လူကို ကျုပ်က သက်သက် ငရဲကြီးခံပြီး ဒုက္ခပေးပါမလားဗျာ။ နံပါတ်သုံး - ကျုပ်ဟာကျုပ် စိတ်ကူယဉ်ပြီး ပေးတဲ့နည်း မဟုတ်ဘူးဗျာ၊ခင်ဗျား ယုံမယ်ဆိုရင်တာ့ ပြောလိုက်ပါဦးမယ်။ ဒါဟာ တကယ့် သိဒ္ဓိရှင်ကြီး တစ်ဦး ပေးသွားတဲ့နည်းဗျ။ နံပါတ်လေး - ကိုဧရာရေ မောင်တစ်ထမ်း မယ်တစ်ရွက် ဆိုတဲ့ စကားရှိတယ်ဗျ ခင်ဗျားမိန်းမပါ လိုက်ပြီးလုပ်ရင် ပိုကောင်းတာပေါ့၊ ခင်ဗျားလုပ်လို့ ဟင်းတစ်ခွက်ဆိုရင် ခင်ဗျားမိန်းမပါ လုပ်ရင် ဟင်းနှစ်ခွက်ပေါ့ဗျာ” ဟု ကျွန်ုပ်ကပြောလိုက်ရာ ကိုဧရာသည် သဘောကျလွန်းသဖြင့် လက်ခုပ်လက်ဝါး တီး၍ “ရှိခိုးမယ်ဗျာ” ဟု ဆိုကာ ရှိခိုးလေ၏။

ထိုအချိန်၌ပင် ရွှေအုန်းပွင့်ဘုရား၌ ဗေဒင်ဟောနေသော သန်းထိုက်ဇော်ဆိုသည့် ဗေဒင်ဆရာကလေးသည် ရောက်လာပြီးလျှင် အောက်ပါအတိုင်း ပြောလေ၏။“ ဆရာကြီး ကျွန်တော့်ဆိုင်က သိပ်ပြီး လူဝင်တယ်ခင်ဗျာ့။ အဲဒီတော့ ကြည့်တဲ့ ပရိသတ်ကို တိုကင်ပေးဖို့လိုတယ်။ အကြွးအမ်းဖို့ လိုတယ်။ လက်ဖက်ဝယ်ဖို့ လိုတယ်။ တိုတိုပြောရရင် လက်တိုလက်တောင်း လုပ်ဖို့လိုတယ်။ အဲဒီတော့ ဆရာကြီးဆီမှာ အဲဒီလို လုပ်နိုင်တဲ့လူရှိရင်ကျွန်တော့်ဆီကို လွှတ်ပေးပါ” ဟု ပြောလိုက်ရာ ကျွန်ုပ်သည် ကိုဧရာ၏ မျက်နှာကို လှမ်းကြည့် လိုက်၏။

ထိုအခါ ကိုဧရာက -“ နံပါတ်တစ်- ကျွန်တော် လုပ်နိုင်တယ် ဆရာ၊ နံပါတ်နှစ်- ကြိုးကြိုးစားစားလုပ်မယ် ဆရာ၊ နံပါတ်သုံး -ရိုးရိုးသားသား လုပ်မယ် ဆရာ၊ နံပါတ်လေး - ကျွန်တော်အတွက် ပြောပေးလိုက်ပါ ဆရာ” ဟု ပြောသဖြင့် ကျွန်ုပ်လည်း -“ ကဲ - ဆရာသန်းထိုက်ဇော်ရေ နံပါတ်တစ်- ဒီလူ့ကို လွှတ်လိုက်မယ်။ နံပါတ်နှစ် -သူတို့ လင်မယား၊ နေစဉ်ထမင်း ၀၀လင်းလင်းစားရအောင် ငွေရှင်းပေးပါကွာ” ဟု ကျွန်ုပ်က ပြောလိုက်ရာ ကိုဧရာ၏ မျက်နှာသည် နေရောင်၌ လင်းလက်လိုက်သော မှန်ကဲ့သို့ ၀င်းလက် သွားလေတော့သတည်း။

မူရင်း-အဘမင်းသိင်္ခ....ကူညီ၍ရေးသားတင်ပြသူ ကိုအောင်

သင်တို့၏အကျိုးကိုထာစဉ်လိုလားသော
ဟိန်းတင့်ဇော်

0 comments:

Post a Comment