တစ်နေ့မှာ ကျွန်တော်ဆီကို ဘန်ကောက်မှာ ရောက်နေတဲ့ မြန်မာလူမျိုးတွေ ဗေဒင်မေးဖို့ ရောက်လာကြပါတယ်။ သူတို့လာတာက တက္ကစီကားငှားပြီး လာကြတာဖြစ်တယ်။ အခု ကျွန်တော်နေတဲ့ မဟာချိုင်ဆိုတဲ့ မြို့လေးကတော့ ဘန်ကောက်နဲ့ မနီးမဝေး ပင်လယ်ကမ်းစပ် မြို့ကလေးပါ။ ဘန်ကောက်ကနေ လိုင်းကားနဲ့လည်း လာလို့ရတယ်။ အထူးမှန်လုံ သေးသေးလေးတွေနဲ့လည်း လာလို့ရတယ်။ ဒါမှမဟုတ် တက္ကစီမီတာနဲ့ လာရင်လည်း ရပါတယ်။
လိုင်းကားနဲ့ဆိုရင် (၃း၀၀) လောက်ကြာပေမယ့် အထူးမှန်လုံ ဒါမှမဟုတ် တက္ကစီမီတာနဲ့ လာမယ်ဆိုရင်တော့ တစ်နာရီခွဲလောက်နဲ့ ရောက်ပါတယ်။ အခုလာကြတဲ့ လူတွေက ကျွန်တော်ဆီကို တစ်ခါဘူးမှ မရောက်ဘူး ကြပါဘူး။ ကျွန်တော်ရဲ့ ဖုံးနံပါတ်နဲ့ ဆက်ပြီး နေရာမေးပြီး လာကြတာပါ။ ကျွန်တော်ကတော့ ကားသမားကို ထိုင်းစကားနဲ့ ကျွန်တော်နေတဲ့ နေရာကို ပြောပြရပါတယ်။
ကျွန်တော်အခု နေထိုင်တဲ့ မဟာချိုင်ဆိုတဲ့ မြို့လေးဟာ ပင်လယ်ကမ်းစပ် မြို့ကလေးဆိုတဲ့အတိုင်း ရေလုပ်ငန်းတွေကို အဓိက လုပ်ကိုင်ရတဲ့ နေရာပါ။ ငါးတွေ ၊ ပုဇွန်လုပ်ငန်းတွေက အဓိကများပါတယ်။ နောက်ပြီး မြန်မာပြည်သား အလုပ်သမားတွေ များတဲ့ မြို့ဆိုရင်လည်း မမှားပါဘူး။ မဟာချိုင်မြို့မှာ ရောက်နေတဲ့ မြန်မာပြည်သား ရွေ့ပြောင်း အလုပ်သမားတွေဟာ များသောအားဖြင့် အဲဒီ ငါးပုဇွန် လုပ်ငန်းတွေမှာပဲ လုပ်ကြတာ များပါတယ်။
အရမ်းလည်း ပင်ပန်းပါတယ်။ မနက် အလုပ်ဝင်တဲ့ အချိန်ကနေစပြီး ညနေ အလုပ်သိမ်းတဲ့ အချိန်အထိ မတ်တတ်ရပ်နေရတာ။ လုံးဝကို ထိုင်ရတဲ့အချိန်ဆိုတာ မရှိဘူး။ နေ့လည် ထမင်းစားချိန် ခနလေးပဲ ထိုင်ကြ ရတာ။ အလုပ် စ၀င်ကာစ တစ်ချို့လူတွေဆိုရင် မူးပြီး လဲကျတဲ့လူတို့ ကြွက်တက်တဲ့လူတို့ အများကြီးပဲ။ နောက်တော့ သူတို့လည်း ကျင့်သားရသွားတာနဲ့တူပါတယ်။
အိုဘာတိုင်တွေ ဆင်းရတဲ့ နေ့တွေဆို အရမ်း သနားစရာ ကောင်းပါတယ်။ ညဘက် တစ်နာရီ နှစ်နာရီလောက်မှ အလုပ်က ပြန်ရတယ်။ အိုဘာတိုင်ဆိုတာက မဆင်းချင်လို့ မရပါဘူး။ အကုန်လုံး ဆင်းရတာ။ မဆင်းမနေရပေါ့။ များသောအားဖြင့်ကတော့ မိုးရာသီမှာ ငါးပုဇွန်တွေ ပေါလို့ ထင်တယ်။ အလုပ်ရုံတိုင်း အိုဘာတိုင် များပါတယ်။ မနက်ဆိုရင်လည်း အလုပ်မဆင်းချင်လို့ မရဘူး။ ဒီမှာက (၃)ရက်နားရင် အော်တိုမစ်တစ် အလုပ်ဖြုတ်တယ် လေ။
ကျန်းမာရေး ကိစ္စဆိုရင်တော့ ရပါတယ်။ ကိုယ်သွားတဲ့ ဆေးခန်းက ဆရာဝန်က ထောက်ခံစာရေးပေးမှ ရပါတယ်။ ဒီတိုင်းကြီး နေမကောင်းလို့ပါ ဆိုပြီး သွားနားလို့ မရဘူး။ ဒီမှာ ကျန်မာရေး ကိစ္စနဲ့ ပါတ်သက်လို့ တစ်ခုကောင်းတာက ဆေးရုံဘတ်တွေ လုပ်ထားပေးတယ်။ တစ်နှစ်တစ်ခါ ကျွန်တော်တို့ အလုပ်သမား ကဒ်ပြားတွေ သက်တမ်းတိုးတဲ့ အချိန်မှာ သွေးစစ်ရတယ်။ ရောဂါတွေ စစ်ရတယ်။ အဲဒီအချိန်မှာ သွေးစစ်ခရယ် ဆေးရုံဘတ်ရယ်ကို (၁၉၀၀)ပေးရတယ်။ တစ်နှစ်လုံး နေမကောင်းဖြစ်ရင် ဆေးရုံသွားရင် (ဘတ်-၃၀)ပဲ ပေးရတယ်။
ကျွန်တော်တို့ မြန်မာပြည်သားတွေ ကလေးမွေးရင်လည်း ဘတ်-၃၀ ပဲ ကုန်တယ်။ မြန်မာငွေဆိုရင်တော့ တစ်ထောင်ကျော်ကျော်လောက်တော့ ရှိမှာပေါ့။ ဘာရောဂါပဲ ဖြစ်ဖြစ် ကိုယ်ဆေးရုံဘတ် လုပ်ထားတဲ့ ဆေးရုံသွား။ ဘယ်အချိန် သွားသွား ဘတ်(၃၀)ပဲ ။ အဲဒါကတော့ အရမ်းကောင်းပါတယ်။ တစ်ချို့ ရောဂါကြီးကြီး မားမားဖြစ်လို့ ခွဲစိပ်ဖြတ်တောက်ရတဲ့ လူနာတွေဆိုရင် ပိုက်ဆံအကြေ မပေးနိုင်လို့ အကြွေးတောင် ပေးလိုက်သေးတယ်။ လစဉ် ပုံမှန် လာပေးတဲ့။ ဆေးရုံဘတ် အလုပ်သမားကဒ် မရှိတဲ့ လူတွေကို ပြောတာပါ။
ဒါက စကားစပ်မိလို့ ပြောမိတာပါ။ အဲဒါနဲ့ ဘန်ကောက်ကလူတွေ ဗေဒင်လာမေးတော့ သူတို့ အသွားအပြန် ငှားလာတဲ့ ထိုင်းလူမျိုး ကားသမားကလည်း ကျွန်တော့် အခန်းထဲမှာ ကြောင်တောင်တောင်လေးနဲ့ ထိုင်ကြည့် နေတယ်။ ကျွန်တော်တို့ မြန်မာလူမျိုးတွေ ဘာတွေလုပ်လဲဆိုတော့ ပုံနဲ့။ ကျွန်တောကလည်း လာတဲ့ လူတွေကို တစ်ယောက်ပြီး တစ်ယောက် ဗေဒင်ဟောတဲ့။ ယတြာချေပေးရမယ့် လူကို ယတြာချေပေးတယ်။ အဆောင်လက်ဖွဲ့ တောင်းတဲ့လူကိုလည်း လုပ်ပေးတယ်။ အဲဒီမှာ သူကလည်း ဆက်တိုက် ထိုင်ကြည့်နေတာ။
အားလုံးလဲ ပြီးသွားရော သူက ကျွန်တော်ရှေ့မှာ လာထိုင်ပြီး သူ့ကိုလည်း တွက်ပေးတဲ့။ အဆောင်ပေးပါတဲ့။ အဲဒါနဲ့ ထိုင်းစကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်တဲ့ လူရဲ့ အကူအညီကို ယူပြီး အဲဒီ ကားသမား ဦးဗိုက်ပူကြီးကို (ထိုင်းနာမည်တော့ ရှိပါတယ် မခေါ်တတ်သောကြောင့် ) ဗေဒင်တွက်ပေးပါတယ်။ နောက် သူက တက္ကစီကား လူများများ ခေါ်အောင်တဲ့ အန္တရာယ်ကင်းအောင်တဲ့ ငွေများများရအောင် အဆောင်ပေးပါဆိုတော့ ကျွန်တော်က အောက်ပါအတိုင်း ပြောပြလိုက်ပါတယ်။ သူကလည်း ကျွန်တော် ပြောကို လိုက်လုပ်ပါတယ်။ နောက်တစ်ခါ သူနဲ့ ပြန်တွေ့တော့ သူက ကျွန်တော့်ကို သူ့ရဲ့လက်မကို ထောင်ပြရင်း ဒီး ဒီး လို့ (ထိုင်းလို ကောင်းတယ်)လို့ ၀မ်းသာအားရ ပြောပါလေ၏။
တက္ကစီကားသမားများအတွက် အောင်မြင်စေသောယတြာ
ပန်အိုးတစ်လုံးနှင့် ကားခေါင်းခန်းတွင် ဂန္ဓမာပန်းအိုးလေး တစ်လုံးကို အမြဲ ထိုးထားပါ။ မော်တော်ကား၏ ကက်ကင်းမှာ ဂန္ဓမာပင် ဖြစ်လေ၏။
သင်တို့၏အကျိုးကို ထာဝစဉ်လိုလားသော
စေတနာကောင်းဖြင့်
ဟိန်းတင့်ဇော်
စေတနာကောင်းဖြင့်
ဟိန်းတင့်ဇော်
0 comments:
Post a Comment