Showing posts with label အချစ်ရေး-အိမ်ထောင်ရေး. Show all posts
Showing posts with label အချစ်ရေး-အိမ်ထောင်ရေး. Show all posts

လင်မယားချစ်ခြင်း အပြစ်ကင်းကြပါစေ....

ဒီတစ်ခါကြတော့ ဇနီးမောင်နှံ များအတွက် သီးသန့်ပါ။ လင်မယားနှစ်ယောက် မတည့်ဘူး။ တစ်ယောက်ကို တစ်ယောက် ကြည့်မရဘူး။ အမြင်တွေ စောင်းနေတယ်။ တစ်ယောက် ဘာပြောပြော နောက်တစ်ယောက်က နားမ၀င်ဘူးဗျာ။ နောက် တိုင်ပင်လို့လည်း မရဘူး။ ကိစ္စတစ်ခုကို တိုင်ပင်လိုက်ပြီဆိုရင် နောက်တစ်ယောက်က ကန့်လန့် ပြန်ပြောတယ်။ ဒါဟာ အက်ကြောင်းပဲ။ အက်ကြောင်းသေးသေသေးလေးကနေ အက်ကြောင်းကြီးကြီး ဖြစ်လာဖို့ ပထမအဆင့်ပဲ။

လာကြပါတယ်။ အိမ်ထောင်သည်တွေ။ သူတို့ ပြောတာက အိမ်ထောင်ရေး စိတ်ကုန်တယ်ဆိုတာပဲ။ အဝေးဆုံးကို ထွက်သွားချင်တယ်တဲ့။ ဘာကြောင့် စိတ်ကုန်တာလဲဆိုတော့ မသိပါဘူး ဆရာရယ်တဲ့။ ကြည့်လို့ကို မရဘူးတဲ့။ အဲဒီတော့ ကျွန်တော်က ဒီလောက် စိတ်ကုန်နေရင်လဲ မပေါင်းနဲ့တော့ဗျာ။ ကွဲလိုက်လို့ သွေးတိုးစမ်းပြီး ပြောလိုက်တော့ “ ဒီလိုလဲ မဖြစ်သေးပါဘူး ဆရာရယ်တဲ့ ” တစ်အိမ်ထောင်ကနေ တစ်အိမ်ထောင် ပြောင်းတယ် ဆိုတာ ကောင်းတာ မဟုတ်ဘူးတဲ့” ဖြစ်ပြန်ရော။ အဲဒီတော့ ကျွန်တော်က “ ဒါဆို ကျွန်တော်က ဘာ ကူညီပေးရမလဲလို့ ” မေးလိုက်တော့ “ အဆင်ပြေချင်တယ် ဆရာရယ်တဲ့ ”

သူတို့က လတ်တလောလဲ အိမ်ထောင်ရေး အဆင်မပြေဘူး။ ဒါပေမယ့် အိမ်ထောင်လဲ မကွဲချင်ဘူး။ ရှေ့ဆက်ရမယ့် နေ့ရက်တွေမှာ လင်မယားနှစ်ယောက် အဆင်ပြေပြေနဲ့ ခရီးဆက်ချင်တယ်။ အဲဒါ အဆောင်လေး ယတြာလေး ပေးပါတဲ့။ သူတို့တွေက အကူအညီတောင်းတော့ ကွှန်တော် ဗေဒင်ဟောခန်းမှာ တော့ ကျွန်တော်ကိုယ်တိုင် လုပ်ပေးလိုက်တာ။ ကိုယ့်ဘာသာလဲ လုပ်လို့ ရပါတယ်။ လွယ်ကူတယ် ။ ထိရောက်တယ်။ အိမ်ထောင်ရေး အဆင်မပြေဖြစ်နေသော ကျွန်တော်၏ မိတ်ဆွေများ ဆောင်ရွက်လို့ ရအောင် ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။ နောက်ဆုံးအနေနှင့် လင်မယားချစ်ခြင်း အပြစ်ကင်းကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်။

လင်မယားချစ်ခြင်း အပြစ်ကင်းစေယတြာ

အင်္ဂါနေ့မှာ ဇီးပင်က အခေါက်ကို တစ်လက်မပတ်လည်လောက် ခွါယူပါ။ သောကြာနေ့မှာတော့ သပြေပင်က အခေါက်ကို တစ်လက်မပတ်လည်လောက် ခွါယူပါ။ ဇီးခေါက်မှာတော့ လင်ယောက်ျား၏ အမည်နဲ့ နေ့နံ ဂဏန်း ကိုရေးပါ။ သပြေခေါက်မှာတော့ မယားဖြစ်သူရဲ့ အမည်နဲ့ နေ့နံဂဏန်းကို ရေးပါ။ အဲဒီနှစ်ခုကို မျက်နှာချင်းဆိုင် ပူးပြီး လင်မယားနှစ်ယောက်ရဲ့ အင်္ကျီနှစ်ထည်ကရတဲ့ ချည်စများနှင့် (၉) ပါတ်ပတ်ပါ။ ယောက်ျားက ချစ်စေချင်ရင် ယောက်ျား ခေါင်းအုန်းအောက်မှာ ထား။ မိန်းမက ချစ်စေချင်ရင် မိန်းမ ခေါင်းအုန်းအောက်မှာ ထား။ လင်နှင့်မယား လျှာနှင့်သွားဆိုသော စကားမှ လင်မယား အချစ် အနှစ်ဖြစ်နိုင်ကြပါစေ။။။။



သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
စေတနာကောင်းဖြင့်
ဟိန်းတင့်ဇော်

အချစ်စစ်တို့ခိုင်မြဲစေရာ ယတြာ

ကျွန်တော်တို့ ဗေဒင်ဆရာတွေဆီကို လာတဲ့ ဧည့်သည်တွေကြားမှာ အချစ်ရေးကို အကြောင်းပြု၍ လာတဲ့ သူတွေ လဲ ရှိကြတယ်။ အဲဒီ ဧည့်သည်တွေထဲမှာ အသက်အားဖြင့် ၁၅-၁၆ကနေ အသက် ၄၀-၅၀ အထိ ပါတယ်။ အချစ် ဆိုတာက အသက်အရွယ်နဲ့တော့ မဆိုင်ဘူးလို့ သဘောပေါက်မိသွားတယ်။

အသက်ဆယ့်ငါးနှစ် တွေလည်း ချစ်တတ်ကြတယ်။ အသက်နှစ်ဆယ်အရွယ်မှာလဲ ချစ်တတ်ကြတယ်။ အသက် သုံးဆယ် လေးဆယ် ငါးဆယ် အကုန်လုံး ချစ်ကြတယ်။ အဲဒီမှာ ကွာခြားတာ တစ်ခုပဲ ရှိတယ်။ ဘာလဲဆိုတော့ အသက်အရွယ်အရသာ ချစ်တဲ့ ပုံစံခြင်း ကွာချင်ကွာသွားမယ်၊ တူညီတာ တစ်ခုက အားလုံးဟာ ချစ်ကြတာပါပဲ။

နောက် သေချာတာတစ်ခုက အချစ်ဆိုတာ ပူလောင်စေတတ်၊ လောင်မြိုက်စေတတ်တဲ့ သဘောလဲ ရှိတယ်။ အရာ ၀တ္ထု တစ်ခုကို (သို့) တစ်ယောက်ယောက်ကို ချစ်မိသွားပြီ ဆိုရင် ရင်ထဲကို ပူလောင်မှု့တွေက မဖိတ်ခေါ် ပဲ ၀င်ရောက် လာပါလေရော။ အဲဒါကြောင့် အရိယာပုဂ္ဂိုလ်တွေ သူတော်စဉ်တွေရဲ့ နှလုံးသားဟာ ချစ်ခြင်းမုန်းခြင်း ကင်းဝေးနေတာ။ နောက်ပြီး သူတော်စဉ်တွေရဲ့ ရင်ထဲမှာ အချစ်မရှိဘူး။ မေတ္တာပဲ ရှိတယ်။

နောက်တစ်ခုက အချစ်ဆိုတာမှာ စိုးရိမ်မှု့တွေ ပြည့်နှက်နေတယ်။ ဆုံးရှုံးမှာကို တွေးကြောက်မိတယ်။ ဝေးသွား မှာကိုလည်း တွေးကြောက်လာတတ်တယ်။ မပိုင်ဆိုင်ရမှာကိုလည်း ကြိုတင်ပြီး စိုးရိမ်နေရတယ်။ တစ်ယောက်နဲ့ တစ်ယောက် အဆင်မပြေဖြစ်မှာကိုလည်း ကြိုတင်ပြီးတော့ ပူပန်နေရတယ်။ တစ်ယောက်ယောက်က ကိုယ့်ကို ထားခဲ့မှာ ပစ်သွားမှာကိုလည်း စိုးရိမ်နေရတယ်။ ဒါကြောင့် အချစ်ဆိုတဲ့ အရာမှာ စိုးရိမ်မှု့တွေရော၊ ကြောက်လန့်မှု့တွေရော၊ ကြိုတင်ပူပန်နေရတာတွေကော ရောပြွမ်းနေတာပေါ့။

ဒါဆိုရင် အချစ်ဆိုသော အရာဟာ မကောင်းဘူးလာ။ အဲလိုတော့ လုံးဝပြောလို့ မရဘူး။ ဘာကြောင့်လဲ ဆိုတော့ သဘာဝတရားကို မကောင်းဘူး ဆိုတာ ပြောလို့ မရဘူး။ သဘာဝဟာ သဘာဝသာ ဖြစ်တယ်။ အမှန်တရား မဖြစ်နိုင်ဘူး။ မိုးတွင်းမှာ မိုးရွာတာ- ဆောင်းတွင်းဆိုရင် ချမ်းအေးတာ- နွေဆိုရင် ပူလောင်တာ- ငှက်တွေက ပျံသန်းနေတာ- ခွေးတွေက -ဟောင်နေတာ- အစရှိတဲ့ အရာတွေဟာ သဘာဝတွေ ဖြစ်တယ်။ အဲဒီ သဘာဝတွေ ကို ကောင်းတယ် မကောင်းဘူး ပြောလို့ မရဘူး။ ဖြစ်သင့်တယ် မဖြစ်သင့်ဘူးလို့လဲ ပြောလို့ မရဘူး။

အဲဒီလိုပဲ လူတွေရယ်လို့ ဖြစ်လာပြီ ဆိုကတည်းက ချစ်ခြင်း - မုန်းခြင်း - ကြမ်းတမ်းခြင်း - သိမ်မွေ့ခြင်း - တရား ခြင်း - မတရားခြင်း - အစရှိတဲ့ သဘောတရားတွေဟာ အတူ ပူးတွဲမွေးဖွား လာခဲ့တာ။ အဲဒီတော့ လူသားတစ်ဦး ရယ်လို့ မွေးဖွားလာပြီ ဆိုကတည်းက ချစ်တတ်လာမှာပဲ။ ကမ္ဘာဦးကတည်း က လူတွေဟာ ချစ်တတ်လာကြတာ ဟိုး ကမ္ဘာပျက်ပြီး လူသားတွေ ပျက်စီးသွားတဲ့ နေ့ အထိ ချစ်သွားကြဦးမှာပါပဲ။ ဒီကြားကာလတွေမှာလဲ အချစ်ဆိုတာ မကောင်းဘူး ပူလောင်စေတတ်နှိပ်စက်စေတတ်တဲ့ သဘောတရားရှိတယ်လို့ ဘယ်သူတွေက တရားဟောဟော အချစ်ဆိုတဲ့ အရာကတော့ လူတိုင်းရဲ့ ရင်ထဲမှာ ရှိနေဦးမှာပါပဲလေ။

ဒါတွေက စာလုံးတွေပါ။ အမှန်တရားတွေ မဟုတ်ပါဘူး။ အမှန်တ၇ားဆိုတာက လူတွေရဲ့ ရင်ထဲမှာပဲ ရှိတာပါ။ တစ်ချို့ လူတွေက စာလုံးတွေကို အမှန်တရားလို့ ထင်နေတတ်ကြတယ်။ အမှန်တရားဆိုတာ ကိုယ့်နှလုံးသား ထဲမှပဲ ရှိတယ်။ အပြင်မှာ လိုက်ရှာလို့လဲ တွေ့မှာမှ မဟုတ်တာ။

အခု ကျွန်တော် ပြောချင်တာက အချစ်ကြောင့် ပူလောင်နေတဲ့ လူတွေအတွက် အထောက်အပံ့ ဖြစ်စေမယ့် ယတြာပြောချင်တာပါ။ ချစ်သူတွေ သမီးရည်းစားတွေ လင်မယားတွေ အတွက်ပါ။ အဓိကကတော့ အင်မတန် သံယောဇဉ်ကြီးတတ်တဲ့ လူတွေ အတွက်ပါ။ အင်မတန် သံယောဇဉ် ဖြစ်ကြတဲ့ ချစ်သူစုံတွဲတွေက သူတို့ရဲ ချစ်သူနဲ့ ဘာအကြောင်းနဲ့မှ မကွဲချင်ကြဘူး။ မဝေးချင်ကြဘူး။ လက်တွဲ မဖြုတ်ချင်ကြဘူး။

အဲဒီလို မဝေးချင်ကြဘူးဆိုရင် ကျွန်တော်တို့ ဂမ္ဘီရအတတ်ပညာနဲ့ ဒီလို စီရင်ထားလို့ ရပါတယ်။ အဲဒီမှာ မေးစရာ တစ်ခုရှိတာက အဲဒီလို လုပ်ထားရင် ငရဲမကြီးဘူးလားလို့ မေးတတ်ကြတယ်။ အဲဒါတော့ ကျွန်တော် သေသေချာချာ မသိပါဘူး။ ကျွန်တော် သိတာကတော့ ချစ်သူနဲ့ ကွေ့ကွင်းရခြင်းကြောင့် စိတ်ထဲမှာ တမြေ့မြေ့ လောင်ကျွမ်းနေတာဟာလဲ ငရဲကြီးနေတာပဲ မဟုတ်လားဗျာ။ အဲဒီတော့ ကျွန်တော်တို့ လူသားတွေဟာ သေမှ ငရဲကြီးတာလား မသေခင် ငရဲကြီးတာလားဆိုတာကိုတော့ ကျွန်တော်လဲ ဉာဏ်မမီတော့ မစဉ်းစား တတ်တော့ပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် အရာအားလုံးဟာ ကမ္ဘာတည်သရွေ့ ရှင်သန်နေဦးမှာပါ။

အချစ်စစ်တို့ခိုင်မြဲစေရာ ယတြာ

ယောက်ျား၏ နေ့နံ အသားရယ် မိန်းကလေးရဲ့ နေ့နံ အသားရယ် လိုပါတယ်။ အလုံးလေးတွေပါ။ လက်ညှိုးလုံး လောက်ဆိုရပါတယ်။ အရှည်ကတော့ လက်နှစ်ဆစ်ဆိုရပါပြီ။ အကိုင်းလေးတွေ လက်နှစ်ဆစ်လောက် ဖြတ် လိုက်ရင် ရပါပြီ။ အဲဒီ အလုံးလေးတွေကို တခြမ်းဆီခွဲလိုက်ပေါ့။ အားလုံး စုစုပေါင်း အခြမ်း (၄)ခုရတယ်။ ယောက်ျားလေးရဲ့ နေ့နံ အသားက နှစ်ခြမ်း၊ မိန်းကလေးရဲ့ နေ့နံအသားက နှစ်ခြမ်းနော်။ ယောက်ျားလေး အခြမ်းနှစ်ခြမ်းမှာ ယောက်ျားလေး အမည်ကိုရေး။ မိန်းကလေး အခြမ်းနှစ်ခြမ်းမှာ မိန်းကလေး အမည်ရေး။

ပြီးရင် ယောက်ျားလေး တစ်ခြမ်းနဲ့ မိန်းကလေး တစ်ခြမ်းကို မျက်နှာခြင်ဆိုင်ပြီး ပူးပြီးတော့ နှီးနဲ့ချဉ်။ နောက်နှစ်ခြမ်းကိုလည်း အဲဒီလို ပူးချဉ်။ ပူးချဉ်ပြီးသား အလုံးလေး နှစ်လုံးရပြီနော်။ တစ်လုံးကိုတော့ စစ်စီးသုတ် ရွှေချပြီး ဆောင်ထားလိုက်ပါ။ နောက်တစ်လုံးကတော့ ရေသန့်သန့်မှာ မျှောလိုက်ပြီး ကိုယ်လိုရာကို ဆုတောင်းလိုက်ပါ။ ယတြာကတော့ ဒီလောက်ပါပဲ။ မရှင်းလင်းရင်တော့ heintinzaw8 @ gmail.com သို့ သော်၎င်း ဒါမှမဟုတ် (+66874150022)သို့သော်၎င်း မေးမြန်းနိုင်ပါကြေင်း.

သင်တို့၏အကျိုးကို ထာဝစဉ်လိုလားသော
ဟိန်းတင့်ဇော်

မင်္ဂလာကိစ္စအမြန်ချောမောအောင်မြင်စေသောယတြာ

တစ်နေ့မှာ ကျွန်တော်ဆီကို အသက်အရွယ်အားဖြင့် (၂၈)နှစ်ခန့်ရှိသော အမျိုးသမီး တစ်ဦး ရောက်ရှိ လာပါတယ်။ သူက ကရင် အမျိုးသမီး တစ်ဦးပါ။ သူက ကျွန်တော်ဆီမှာ ဗေဒင်လာမေးတဲ့ အဓိက ရည်ရွယ်ချက်က သူ ဒီသတင်းကျွတ်မှာ သူ့ချစ်သူနဲ့ အိမ်ထောင်ပြုဖို့ ရည်ရွယ်နေတာ အောင်မြင်မလား မအောင်မြင်ဘူးလား ဆိုတာကို အဓိက သိချင်ပါတယ်လို့ ပြောပါတယ်။ အဲဒီတော့ ကျွန်တော်က သူ့ကို တားရော့ ချိုးခိုင်းလိုက်တယ်။ မှတ်မှတ်ရရ တားရော့ကဒ်က ဧကရာဇ်ကဒ် ကျပါတယ်။



အဲဒီတော့ ကျွန်တော်ကလည်း စိတ်တော့ မကောင်းပါဘူး မိန်းကလေး။ မင်းတို့ ရည်ရွယ်နေတဲ့ မင်္ဂလာကိစ္စ မအောင်မြင်နိုင်ပါဘူး။ ဆွေမျိုးသားချင်း အကြီးအကဲတွေကြောင့် အဆင်မပြေ ဖြစ်မယ်လို့ ပြောလိုက်တော့.. သူက ဟုတ်ပါတယ် ဆရာရယ်။ သူက မွန်အမျိုးသား တစ်ယောက်ပါ။ သူနဲ့ ကျွန်မနဲ့ အိမ်ထောင်ပြုဖို့ ကိစ္စကို သူ့အမေက လုံးဝ သဘောမတူပါဘူး။ အဓိက ကတော့ သူ့အမေပါ။ မွန်နဲ့ ကရင်ယူလို့ မရဘူးလို့ချဉ်း ပြောနေတယ်။ နတ်မတည့်လို့တဲ့ ဆရာရယ်။

အဲဒါ ဆရာ ကူညီလို့ရရင် ကူညီပေးစေချင်ပါတယ်။ ကျွန်မတို့ နှစ်ယောက်က ချစ်သူ ဖြစ်တာလည်း သုံးနှစ်ကျော် နေပြီ။ တစ်နှစ်လာလည်း အဲဒီကိစ္စကြောင့် ပျက်ရ။ နောက်တစ်နှစ်လာလည်း ဒါကြောင့်ပဲ ပျက်ရ ဆိုတော့ ကျွန်မလည်း တော်တော်လေး စိတ်ဓာတ်ကျလာပါပြီ ဆရာရယ်။ တစ်ခါတလေတော့လည်း သူ့ကို ပြစ်လိုက်ဖို့ အထိတောင် စဉ်းစားပါတယ်။ ကျွန်မစိတ်ကို ကျွန်မ မထိမ်းနိုင်လို့ရယ် နောက်ပြီး သူကလည်း ရိုးသားတဲ့ လူငယ် တစ်ယောက်ဖြစ်လို့ပါ။ ဒါကြောင့် ကျွန်မတို့ နှစ်ယောက်ရဲ့ အိမ်ထောင်ပြုဖို့ ကိစ္စကို အမြန်ဆုံး အောင်မြင်အောင် ဆောင်ရွက် ပေးစေချင်တယ်လို့ ကျွန်တော်ဆီမှာ အကူအညီ တောာင်းပါတယ်။

အဲဒီတော့ ကျွန်တော်ကလည်း အော် အခုခေတ်မှာ ဒါမျိုးတွေလည်း ရှိသေးတယ်နော်လို့ ဆိုလိုက်တော့ သူက...

ရှိတာပေါ့ ဆရာရယ်။ များသောအားဖြင့် သူ့အမေလို ရှေ့ရိုးစွဲ အယူအဆတွေကို ဆုတ်ကိုင်ထားတဲ့ လူတွေ ရှိနေ သရွေ့တော့ ကျွန်မတို့ လူငယ်တွေရဲ့ နှလုံးသားရေးရာ ပြဿနာတွေ ပေါ်နေဦးမှာပါပဲ ဆရာရယ်။ အမှန်တကယ် ကို လူမျိုးခြား ဘာသာခြားတွေ ဆိုရင်တော့ မပြောပါဘူး ဆရာရယ်။ အခုတော့ သူနဲ့ ကျွန်မနဲ့က မြန်မာလူမျိုး အချင်းချင်း နောက်ပြီး ဗုဒ္ဓဘာသာ အချင်းချင်းတွေပါ။ ဘာကြောင့် ကျွန်မတို့ ကိစ္စကို ဒီလောက် အသဲအသန် ဖျက်နေရသလဲ ဆိုတာ မစဉ်းစား တတ်အောင်ပါပဲ ဆရာရယ်။ ဒါကြောင့် ကျွန်မ ဆရာဆီမှာ အကူအညီ လာတောင်းတာပါ။

ကျွန်ုပ်သည် ထိုမိန်းကလေးအား မင်္ဂလာကိစ္စကို ချောမောစွာ အောင်မြင်စေသော အောက်ဖော်ပြပါ ယတြာကို လေးလေးနက်နက် လုပ်ခိုင်းခဲ့၏။ ထိုမိန်းကလေးကလည်း ကျွန်ုပ် ညွန်ပြသည့်အတိုင်း လိုက်လုပ်ခဲ့လေ၏။ သုံးလခန့်အကြာတွင် မွန်အမျိုးသား ကောင်လေးနှင့် ကရင်အမျိုးသမီး ကောင်မလေးတို့၏ မင်္ဂလာဧည့်ခံပွဲ ဖိတ်စာတစ်ဆောင်သည် ကျွန်ုပ်ထံသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့တာ အမှန်တကယ် ဖြစ်ပါသည်ဟု ကျွန်ုပ် ကျိန်တွယ်၍ ပြောပြလိုက်ရပါ၏။

မင်္ဂလာကိစ္စ ဆောင်ရွက်ဖို့အတွက် အကြောင်းအမျိုးမျိုးကြောင့် ထစ်ငေါ့ ကြန့်ကြာနေသူများ၊ သို့မဟုတ် မင်္ဂလာ ကိစ္စ ပျက်စီးသွားမည်ကို စိုးရိမ် ထိတ်လန့် နေသူများ မည်သူမဆို အောက်ဖော်ပြပါ ယတြာကို လေးနက် ယုံကြည်စွာ ဆောင်ရွက်လိုက်ပါ။ ရက်ပိုင်းလပိုင်းအတွင်း အနှောက်အယှက် အခက်အခဲများကို ကျော်လွှား၍ အောင်မြင်နိုင်မည် ဖြစ်ပါကြောင်းကို စေတနာကောင်းဖြင့် သီတင်းကျွတ်လက်ဆောင် အဖြစ် ရေးသားဖော်ပြ ပေးလိုက်ရပါသတည်း

မင်္ဂလာကိစ္စချောမောအောင်မြင်စေသောယတြာ

တနင်္လာနေ့နံက် (၉း၀၀)တိတိ ရောက်တိုင်း မိမိနေအိမ်တွင်ပင် ၀သုနြေ္ဒနတ်မင်းကို ရည်စူး၍ ဖယောင်းတိုင် (၉)တိုင် တိတိ လှူဒါန်း၍ မိမိတို့၏ မင်္ဂလာကိစ္စ အောင်မြင်ပါစေကြောင်း ဆုတောင်းပါ။ တစ်ယောက်လုပ်ရင် ရပါ၏။ နှစ်ယောက်စလုံး စိတ်တူ ကိုယ်တူ လုပ်ဆောင်ပါက ပို၍ လျှင်မြန်စွာ အောင်မြင်နိုင်ပါကြောင်း စေတနာကောင်းဖြင့် ၀ါကျွတ်လက်ဆောင် အဖြစ် ရေးသားဖော်ပြ ပေးလိုက်ရပါသတည်း။

သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
ဟိန်းတင့်ဇော်

ချစ်သူအခါပေး

ကျွန်တော်ဆီကို ကောင်လေးတစ်ယောက်က G-talk ကနေ တစ်ယောက်နဲ့ တစ်ယောက် စကားပြောကြရင်း ခင်မင်ကြပါတယ်။ သူ့နာမည်က မောင်အောင်အောင်တဲ့။သူက မကြာခန ဆိုသလို အချစ်ရေးကိစ္စတွေ အပူကပ် လေ့ရှိတယ်။ ဒါပေမယ့် သူမေးတဲ့ အခါတိုင်း ပထမတစ်ခါ မေးတဲ့ ကောင်မလေးနဲ့ နောက်တစ်ခါမေးတဲ့ ကောင်မ လေး မတူဘူး။ ကျွန်တော်ကတောင် နောက်လိုက်သေးတယ်။ မင်း တော်တော် စွံပါလားလို့ဆိုတော့ ကောင်လေး က ဟဲဟဲဆိုပြီး ရီနေသေးတယ်။ ထားပါတော့။ ဒါက သူတို့ အရွယ်လေးတွေ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘာဝတစ်ခု လေ။ အသက်အရွယ် ရလာတော့လည်း သူ့အလိုလို ကောင်းလာမှာပေါ့လေ။ အပြစ်တော့ မတင်ပါဘူးလေ။

သူမေးနေကျ မေးခွန်းကတော့ ကျွန်တော် ဘယ်နေ့ ရီးစားစကား သွားပြောရမလဲတဲ့။ မင်းကောင်မလေးက ဘာနေ့ လဲဆိုတော့ ဘာနေ့သားပေါ့။ တစ်ခါတလေကျတော့လည်း နေ့တော့ မသိဘူးဆရာတဲ့။ နာမည်ကတော့ ဘယ်သူ ပေါ့။ ဒါဆို ကျွန်တော်က အခါပေးပေါ့။ ကောင်လေးပြောတာကတော့ မဆိုးဘူး။ အိုကေတယ်ဆိုပဲ။ ဘယ်လို အိုကေပြီး စိုပြေတယ်ဆိုတာကတော့ ကျွန်တော်လဲ မသိပါဘူးဗျာ။

အခု ကျွန်တော်ပြောချင်တာကတော့ မေတ္တာရေး အချစ်ရေးနှင့် ပါတ်သက်ပြီး အချိန်အခါ ရွေးပေးချင်တာပါ။ လူငယ်တွေရော လူကြီးတွေရော လူမကြီးတကြီးတွေရော အတွက်ပေါ့နော့။ အားလုံး အဆင်ပြေကြပါစေလို့ လည်း ဆန္ဒပြုလိုက်ပါတယ်ဗျာ။ အောက်မှာ (၇)ရက် သားသမီးများအတွက် အားလုံးပါအောင် ဇယားလေးတွေနဲ့ ဖော်ပြပေးလိုကပ်ပါတယ်။




ဥပမာ။...။ မိတ်ဆွေက ကောင်မလေးတစ်ယောက်ကို ရီးစားစကား သွားပြောမယ်ဆိုပါစို့။ သင်ချစ်နေတဲ့ ကောင်မလေးက ဘာနေ့သားသမီးလည်းပေါ့။ နမူနာ ပြောရရင် သူက တနင်္ဂနွေသားသမီး ဆိုပါတော့။ ဒါဆိုရင် ဆောင်သွားရမှာက ကံ့ကော်ညွန်ဆောင်သွားပါ။ အရှေ့တောင်အရပ်ကို အရင်ဆုံး ခြေလှမ်း ငါးဆယ်လောက် လှမ်းသွားပါ။ သူနဲ့ တွေ့တဲ့အခါ တောင်အရပ်ကို မျက်နှာမူပြီးပြောပါ။ ဒါဆိုရင်တော့ မိတ်ဆွေ ချစ်တဲ့ ကောင်မလေးက မျတ်ဆွေရဲ့ စကားကို ကောင်းကောင်းနားထောင်မှာ။ ပြန်အော် မလွှတ်မှာ။ ပြန်ပြီး မေတ္တာ သက်ဝင်လာမှာ။ ဒီလောကပါပဲနော်။

သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
ဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ မဟာချိုင်မြို့

မိမိခင်ပွန်း ကိုယ့်အနား ကပ်စေသောယတြာ

ဗေဒင်ဆရာတွေဆီကို အများဆုံးလာကြတဲ့ ဧည့်သည်တွေထဲမှာ အများဆုံးက အိမ်ထောင်ရေး အချစ်ရေးကိစ္စ တွေများတယ်။ လက်ရှိ အိမ်ထောင်ရေး အဆင်မပြေ ဖြစ်နေတဲ့ သူတွေပါတယ်။ တစ်ချို့ကြတော့လည်း မိမိ အိမ်ထောင်ရေးကို အဆင်မပြေ ဖြစ်လာမှာကို စိုးရိမ်တဲ့လူတွေပါတယ်။ ယောင်္ကျားအိမ်ကနေ ဆင်းသွားလို့ ၊ မိန်းမ အိမ်ကနေ ဆင်းသွားလို့ အစုံပါပဲ။

တစ်ချို့အိမ်ထောင် မကျသေးတဲ့ လူတွေကြတော့လည်း အချစ်ရေးပေါ့။ အချစ်ကို ကိုးကွယ်နေကြတဲ့ သူတွေပေါ့။ များသောအားဖြင်းအသက်(၂၀) ပါတ်ဝန်းကျင် အရွယ်တွေများတယ်။ သူတို့တွေ မေးနေကျ မေးခွန်းတွေက အခု အခစ်ရေးကောင်းလားတဲ့။ ချစ်သူနဲ့ ဒီနှစ် အဆင်ပြေမှာလားတဲ့။ ချစ်သူက ကိုယ့်ကို တကယ်ချစ်ရဲ့လား။ ချစ်သူနှင့် ဖူးစာပါရဲ့လား။ ဘယ်တော့ လက်ထပ်ဖြစ်မလဲ။ အချစ်ရေးလည်း အစုံပါပဲ။

နောက် ကျွန်တော် လက်ရှိနေထိုင်နေတဲ့ ထိုင်းနိုင်ငံက ရွေ့ပြောင်း အလုပ်သမားတွေကြားက အချစ်ရေး အိမ်ထောင်ရေး ကိစ္စတွေဟာ တစ်ခါတစ်လေ ကံကြမ္မာကြောင့် ဖြစ်တယ်လို့ ဆိုပေမယ့် များသောအားဖြင့် ကတော့ ကိုယ်ညံ့လို့ ကိုယ်ခံရတာတွေရယ် ၊ အတွေးအခေါ် ဗဟုသုတနည်းတာရယ် ၊ ပညာမတတ်တာတွေကို အခြေခံတာများတယ်။ နောက်တစ်ခုက ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုးမှု့နဲ့ ဘ၀နဲ့ရင်းပြီး ရလာတဲ့ သင်္ခန်းစာတွေ မရှိတာကြောင့် များမယ်ထင်တယ်။

အမှန်အတိုင်းပြောရရင် ကျွန်တော်ရဲ့ ဗေဒင်ဟောခန်လေးထဲမှာ နေ့စဉ်နှင့်အမျှ အိမ်ထောင်ရေးကိစ္စ အချစ်ရေး ကိစ္စတွေနဲ့ ကင်းလွတ်တဲ့နေ့ရယ်လို့ မရှိသလောက်ပါပဲ။ကျွန်တော်ဟာ နေ့စဉ်နေ့တိုင်း ဒီအိမ်ထောင်ရေး အချစ် ရေး ကိစ္စတွေကို ကြုံကြိုက်ရတာများတယ်။ ရွေ့ပြောင်းအလုပ်သမားတွေဟာ များသောအားဖြင့် ပညာရေး အဆင့်အတန်း နိမ်ကျတာများတယ်။ ပညာတတ်တွေနည်းတယ်။ (၅)တန်းအောင်ဆိုတာ အများဆုံးပဲ။ တော်တော်များများက ကိုယ့်နာမည်တောင် ကိုယ်ကောင်းကောင်း မရးတတ်ကြဘူး။

များသောအားဖြင့် အသက် (၁၆)နှစ်လောက် ကျော်လာဂင်ပဲ အိမ်ထောင်ပြုဖို့ စဉ်းစားနေကြပြီ။ မင်္ဂလာဆောင်တွေ ဖိတ်လို့ သွားရပြီဆိုရင် သတိုးသားနဲ့ သတိုးသမီးက နှစ်ယောက်ပေါင်းမှ အသက်က(၃၀) ဆိုတော့ ငယ်ရွယ်လွန်းတဲ့ သူတို့လေးတွေရဲ့ အိမ်ထောင်ရေး ရေရှည်မတည်တန့်မှာကို စိုးရိမ်မိတယ်။ များသော အားဖြင့်ကတော့ အိမ်ထောင်ရေး အဆင်မပြေတာက များပါတယ်။ တော်တော် မိဘ အုပ်ထိန်းမှု့ ကောင်းတဲ့ သူတွေလောက်ပဲ အဆင်ပြေကြတာ။

နောက်တစ်ခုက ဘာသာရေးနှင့် ကင်းကွာနေတာကလည်း သူတို့အတွက် အဆင်မပြေမှု့ တစ်ခုပါပဲ။ များသော အားဖြင့် ဘာသာတရားကို နက်နက်ရှိုင်း ယုံကြည်ကိုးကွယ် နေတဲ့သူဟာ အမှား လုပ်တာနည်းတတ်တယ်။ သူရဲ့ မကောင်းတဲ့ စိတ် တော်တော်များများဟာ ဘာသာတရားရဲ့ ဆုံးမ သွန်သင်မှု့အောက်မှာ ယဉ်ကျေးသိမ်မွေ့ သွားတာများပါတယ်။ အခု ကျွန်တော်တို့ နေထိုင်နေရတဲ့ ပါတ်ဝန်းကျင်မှာ ဘယ်မှာလဲ ဘာသာရေး ဆုံးမမှု့။ တစ်ခါတစ်လေလောက်မှ မြန်မာပြည်က ဘုန်းတော်ကြီးတွေ ပင့်ပြီး တရားပွဲ ကျင့်ပကြတာ။ ဒါတောင် တရားပွဲ ကို မလာနိုင်ကြတဲ့ လူက များပါတယ်။

နောက်ဒီမှာက သူ့လင်ကို ငါခိုး သူ့မယားကို ငါကလု။ ဒီလို အဖြစ်အပျက်တွေက အတော်များတယ်။ အဓိကတ ရားခံကတော့ လက်ကိုင်ဖုံးပါ။ဖုံနံပါတ်ရပြီး ဖုံးထဲကနေ ချစ်သူရည်းစားတွေ ဖြစ်သွားကြတာက အများစုပဲ။ တစ်ယောက်နဲ့ တစ်ယောက် မြင်တောင်မမြင်ဘူးဘူး။ နေ့တိုင်း ဖုံးတွေဆက်ကြ စကားတွေပြောကြနဲ့။ ကြာတော့ သံယောဇဉ်တွေ ဖြစ်ကြရော။ ဖုံးစကားမပြောရရင်တောင် သူတို့မှာ မနေနိုင်လောက်အောင် စွဲလမ်းသွားကြတာ။

အပြင်မှာတွေ့ကြ ရအောင်လို့လည်း ချိန်းရော ကောင်လေးက အသက်(၁၈) ကောင်မကြီးက အသက်(၄၀) ။ ဟာ ရှုပ်ကုန်ရော။ တစ်ခါတစ်လေကျတော့လည်း ကောင်မလေးက ငယ်ငယ် ကောင်ကြီးက အသက်(၅၀) ၊ တစ်ခါတစ်လေကြ အိမ်ထောင်လက်ရှိ ရှိနေတဲ့ သူတွေ ။ အို အစုံပါပဲ။ အဲဒီလို အခြေအနေနဲ့တွေ့ကြ ဆုံကြရတဲ့ သူတို့တွေရဲ့ အချစ်ရေး အခမ်ထောင်ရေး ဘယ်လို သာယာကြပါ့မလဲ။ ထားပါတော့...

နောက်ဆုံးကြတော့ ဗေဒင်ဆရာဆီ ရောက်လာပြီ။ ဆရာရယ် အဆင်ပြေအောင် လုပ်ပေးပါတဲ့။ ကဲ..ဒါဆို နင့်ယောင်္ကျားက ဘာနေ့သားလည်းဆိုတော့ မသိဘူးတဲ့။ အဲဒီလောက် ကိုယ့်ယောက်ျား အကြောင်း ကိုယ်သိ တာ။ ကိုယ့်ယောက်ျားက ဘာနေ့သားလည်း ၊ ဘယ်ဇာတိလည်း၊ သူမိဘက ဘာမျိုးရိုးလည်း ၊ တစ်ခုမှကို မသိတာ။ ကရင်မှန်းမသိ ၊ ဗမာမှန်းမသိ။ မွန်လား ရှမ်းလား လုံးဝ မကွဲပြားဖူး။

အခု ကျွန်တော်အဓိက ပြောချင်တာက အိမ်ထောင်ရေး အဆင်မပြေဘူး။ ကိုယ့်ယောက်ျား ကိုယ့်အနားကို အနားမကပ်ဘူးဆိုရင် အောက်ပါ ယတြာနည်းအတိုင်း ဆောင်ရွက်ကြည့်လိုက်ပါ။ အနားမကပ်တဲ့ လင် အနားမှာကပ်ပြီး အမြဲတမ်း ချစ်ချစ်ခင် ဖြစ်သွားပါတယ် ဆိုတာကို စေတနာကောင်းဖြင့် ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

လင်ယောက်ျားကိုယ့်အနားကပ်အောင်

လင်ဗန်းထဲမှာ မိမိဝတ်နေကျ နားကပ်ကိုထည့်ပါ။ ရေသန့်တစ်ဗူးလောက် လောင်းထည့်လိုက်ပါ။ ပြီးရင် အဲဒီ နားကပ်ရေစိမ်ကို မိမိ လင်ယောက်ျားကို တိုက်ပါ။ ဒါမှမဟုတ် မိမိ လင်ယောက်ျား သောက်တတ်တဲ့ ရေထဲမှာ ထည့်ထားလိုက်ပါ။ ဒါမှမဟုတ် အဲဒီရေနဲ့ ထမင်းဟင်းချက်ပြီး ကိုယ့်ယောင်္ကျားကို ကျွေးမွေးပါ။ ဒါဆိုရင် ကိုယ့်အနားကို လုံးဝ မကပ်တဲ့ လင် အရမ်းကပ် အရမ်းချစ်သွားပါကြောင်း...

သင်တို့၏အကျိုးကို ထာဝစဉ်လိုလားသော
စေတနာကောင်းဖြင့်
ဟိန်တင့်ဇော်

အမှန်တကယ် အချစ်ရေး အိမ်ထောင်ရေး အဆင်မပြေ သူများအတွက်

ကဲ.... အိမ်ထောင်ရေး အချစ်ရေး အမှန်တကယ် အဆင်မပြေ ဖြစ်နေသူတွေအတွက် ဒီပို့လေးကို တင်ပေးလိုက် ပါတယ်။ ဒီယတြာနည်းကို နှစ်နံတွဲ ပီယဓာတ်ဆင်နည်း လို့ ခေါ်ပါတယ်။ နောက်ဘယ်သူတွေ ဒီယတြာကို လုပ်လို့ ရသလဲ ဆိုတော့..

မိမိချစ်သောသူ မိမိအပေါ် အမုန်းပွားနေလျှင်...
လင်ကွဲမယားကွဲကိစ္စပြန်ပေါင်းချင်လျှင်...
+++ မောင်နှမ သားအမိ စိတ်ဝမ်းကွဲနေလျှင်...
+++ ဇနီးမောင်နှံ အချစ်ပျယ်နေလျှင်....
+++ ဆရာတပည့်အထင်လွဲ၍ လမ်းကွဲစပြုနေလျှင်....
+++ အောက်လက်ငယ်သားနှင့် အထက်လူကြီးအမြင်စောင်းနေလျှင်...

အဲဒီလို အခါတွေမှာဆိုရင်လည်း ဒီယတြာကို ဆောင်ရွက်လို့ ရပါတယ်။

အရေးကြီးတာလေးတွေ အရင်မှတ်ထားရမယ်။

+++ ဒီယတြာကို မိတ်အချိန်အတွင်းမှာ တိတိကျကျ လုပ်ရမယ်။
+++ မိမိရဲ့ ဆပွတ်နေ့သားကစိတ်ပါလက်ပါ ပြုလုပ်ပေးရမယ်။
+++ (၂၁)-ရက်တိတိ မထိရမကိုင်ရ ထားထားပါ။
+++ (၂၁)ရက်ပြည့်ရင်တော့ ရေစီးနေသောရေသန့်သန့်မှာ မျှောပစ်ရမယ်။

အရင်ဆုံး ယတြာကို ဆောင်ရွက်မယ့်လူက ကိုယ် ဘာနေ့သားလည်းပေါ့။ ကိုယ့်ကို ချစ်ခင် အလေးထား စေချင်တဲ့ လူက ဘာနေ့သားလည်းပေါ့။ အဲဒီနှစ်ချက်ကို အဓိက ထားရမယ်။ အဲဒါကို ကျကျနန သိထားပြီးရင်တော့ အောက်မှာ ဖော်ပြထားတဲ့ ယတြာကို ကျကျနန တိတိကျကျ ဆောင်ရွက်မယ်ဆိုရင် ယတြာ ဆောင်ရွက်နေတဲ့
(၂၁)ရက်အတွင်းမှာတောင် ထူးခြားပါတယ်။

ဒီယတြာကို စီရင် ဆောင်ရွက်တော့မယ်ဆိုရင် ကိုယ့် နေ့သားအလိုက်ကြည့်ပါ။ နောက် ကိုယ်လုပ်မယ့် လူက ဘာနေ့သားလည်းပေါ့။ ပြီးရင် ဘေးမှာ ဖော်ပြထားတဲ့ အရွက်တွေနဲ့ စီရင်ရမယ်။ နောက်တစ်ခုက အကူနေ့သားဆိုတာ ကိုယ့်ရဲ့ ယတြာပန်းအိုးကို စေတနာပါပါနဲ့ သတ်မှတ်ထားတဲ့နေရာအရောက် တင်ပေးရ မယ့်လူပါ။ နောက်အချိန်ကတော့ တိတိ ကျကျ လိုက်လုပ်ဖို့ပါပဲ။



တနင်္ဂနွေ သားသမီးတစ်ဦးဦးက ဒီယတြာကို စီရင်မယ် ဆိုရင် အပေါ်က ဇယားကွက်ထဲမှာ ကြည့်လိုက်။ ကိုယ့်ကို ချစ်စေချင်တာက ဘာနေ့သားလည်းပေါ့။ ဥပမာ ကိုယ်ကို ချစ်စေချင်တာ အင်္ဂါပဲ ထားပါတော့။ အဲဒီတော့ ကိုယ်က တနင်္ဂနွေ ချစ်အောင်လုပ်မယ့်လူက အင်္ဂါနော်။ တနင်္ဂနွေနဲ့ အင်္ဂါကို ချစ်အောင် ဓာတ်ဆင်မှာ။ကြည့်လိုက်။ ချစ်စေချင်သူ ဆိုတဲ့အကွက်မှာ အင်္ဂါဆိုတဲ့ အကွက်မှာ ဘာပန်းတွေ ရေးထားလဲ။ အုန်းညွန့် (၆) ညွန်နှင့် ဇော်စိမ်း(၈) ညွန့် ဟုတ်တယ်နော်။ ဒါပဲပေါ့။

အဲဒီ ပန်းတွေကို ပန်းအိုးအသစ်တစ်လုံးထဲမှာ ရောထိုးရမယ်။ ဓာတ်မိအောင် ဓာတ်ပုံ နှစ်ပုံကို ပန်းအိုးမှာ ကပ်ပေါ့။ အဲဒီ ပန်းအိုးကို အကူနေ့သား ဖြစ်သူက ကိုယ် သတ်မှတ်ထားတဲ့နေရာကို တင်ပေးရုံပဲ။ ခုံ မြင့်မြင့်လေး တစ်လုံးပေါ် တင်လည်း ရပါတယ်။ သူတင်နေတဲ့အချိန်မှာ ကိုယ်က ထိုင်ပြီး ဆုတောင်းပေါ့။ အရေးကြီးတာက(၂၁)-ရက် တိတိ ထားရမယ်။ (၂၁)-ရက်အတွင် မထိရ မကိုင်ရဘူး။ ၂၁-ရက်ပြည့်ရင် ရေမျှောပစ်လိုက်ပါ။
မရှင်းတာရှိရင် ဘလောတွင်ဗေဒင်မေးရန်ဆိုတဲ့နေရာမှာ မေးထားခဲ့ပါဗျာ

















သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
ဟိန်းတင့်ဇော်

အချစ်ရေးအဆင်ပြေပြီး အိမ်ထောင်ကျစေသောနည်း

အိုးချင်းထားတော့ အိုးချင်းထိ
ကြိုးချင်းထားတော့ ကြိုးချင်းငြိ

အတာအိုးကလေး နှစ်လုံးကို တစ်လုံးတွင် ရွှေရောင် သုတ်ရ၏။ နောက်တစ်လုံး ကို ငွေရောင် သုတ်ရ၏။ ရွှေရောင် အိုးလေးတွင် ယောက်ျားလေး၏ ဓာတ်ပုံကို ကပရ၏။ ငွေရောင် အိုးကလေးတွင်မူ မိန်းကလေး၏ ဓာတ်ပုံကို ကပ်ရ၏။

ထို့နောက် ယောက်ျားလေး၏ ရွှေရောင် အိုးလေးထဲတွင် သူ၏ မွေးနံပန်းများကို ဂြိုဟ်သက်အလိုက် ထည့်ရ၏။ မိန်းကလေး၏ ငွေရောင် အိုးကလေးထဲတွင် လည်း မိန်းကလေး၏ မွေးနံပန်းများကို ထည့်ရ၏။ မွေးနံပန်းများကို သိစေချင်သောကြောင့် အောက်တွင် ဖော်ပြပေးလိုက်ပါ၏။

မွေးနံပန်းများ

တနင်္ဂနွေသားသမီးအတွက်- အုန်း(၆)ညွန့်။
တနင်္လာသားသမီးအတွက်- ကံ့ကော်(သို့)ခရေ (၁၅)ညွန့်။
အင်္ဂါသားသမီးအတွက်-ဇီး(သို့)ဇော်စိမ်း(၈)ညွန့်။
ဗုဒ္ဓဟူးသားသမီးအတွက်-ရွက်လှ(၁၇)ညွန့်။
ကြာသပတေးသားသမီးအတွက်-မေမြို့ပန်း(၁၉)ပွင့်။
သောကြာသားသမီးအတွက်-သပြေပန်း(၂၁)ညွန့်။
စနေသားသမီးအတွက်-နှင်းဆီပန်း(၁၀)ပွင့်။

ပြီးရင် စားပွဲတစ်လုံးပေါ်မှာ အဲဒီအိုးနှစ်လုံးကို စားပွဲတစ်လုံးပေါ်မှာ အိုးချင်းထိအောင် တင်ထားလိုက်ပါ။ အိုးချင်းထားတော့ အိုးချင်းထိ ကြိုးချင်းထားတော့ ကြိုးချင်း ငြိပေါ့ဗျာ။

ကကြီးအလယ်သေ-အိမ်အေးစေ...

အချို့သော အိမ်များတွင် ဖခင်နှင့် သားလည်းကောင်း ၊ မိခင်နှင့် သမီးလည်း ကောင်း ၊ ညီအမ အချင်းချင်းလည်းကောင်း၊ ညီအကို အချင်းချင်း လည်းကောင်း ၊ အကြောင်းအရာ ကြီးကြီးမားမား မရှိပဲ ငြင်းခုန်ခြင်း ၊ စကားများခြင်း ၊ ပြုတတ်ကြ၏။

ထိုအိမ်မျိုးကို အိမ်ပူသည် အိမ်ဆူသည်ဟု ခေါ်ဝေါ်ကြ၏။ အိမ်ပူခြင်း ဒုက္ခမှ ကင်းဝေး စေရန်အတွက် ဗားမဲ့ဆရာတော် ၏ ကျမ်းမှ ကကြီး အလယ်သေ အင်းကို ဖော်ပြလိုက်ပါသည်။

ထိုအင်းကို ကူးယူ၍ ကြွေပန်းကန်တွင် ကပ်ကာ "က" ကြီးရှိသော နေရာတွင် ရိုးရိုး ဖယောင်းတိုင် တစ်တိုင် ထွန်းပါ။ ငါးရက်ပြည့်အောင် ထွန်းပါ။ အိမ်ပူသော ဒုက္ခ ကင်းဝေး သွားပါ လိမ့်မည်။

လာဘ်တိတ်နေပါက ထိုအင်းတွင် ပန်းကန်ပြားတွင် ကပ်၍ ရေအနည်းငယ် လောင်းထည့်ပြီး ရေစိမ်ထားပါ။ လာဘ်လာဘများ ပွင့်လန်းလာသည်ကို မျက်ဝါးထင်ထင် တွေ့မြင်ရလိမ့်မည်။ လောင်းထည့်သော ရေသည် ရိုးရိုးရေ မဟုတ်ပဲ နံ့သာရေကို လောင်းထည့်ပြီး ဈေးဆိုင် ရှိပါက ဆိုင်မဖွင့်မီ ဆိုင်ရှေ့တွင် ပက်ဖြန်းလိုက်ပါ။ ဈေးခေါ် အလွန်ကောင်းပါသည်။ (မူရင်း-အဘမင်းသိင်္ခ)

အိပ်မက်လှလှမက်ပါစေ

(မူရင်း-အဘမင်းသိင်္ခ)
ကျုပ် ခင်ဗျားကို ယတြာလေး တစ်ခု ရေးပြမယ်။ အဲဒီ ယတြာဟာ အိပ်မက်မက်စေတဲ့ ယတြာပဲ။ အဲဒါလေးကို အပျိုမလေးရဲ့ ခေါင်းအုန်း အောက်မှာ ထည့်ပြီး အိပ်ဖို့ ပြောပေးပါ။ ကိုယ် မက်စေချင်တဲ့ အိပ်မက်ကို အိပ်ခါနီးမှာ အာရုံညွတ်ထားပါ။

မကြာပါဘူး။ သူ-မက်စေချင်တဲ့ အိပ်မက်ဟာ မြန်မာပြည်က ငတိလေးမှာ လာပြီး မက်မှာပါ။ အဲဒါမျိုးတွေ ကျုပ် စမ်းဖူးတာ များပါပြီ။ ဒီယတြာကို စက္ကူမှာပဲ ရေးရေး ၊ ရွှေပြားမှာပဲရေးရေး ရေးပြီး အသုံးပြုနိုင်ပါတယ်။ အကောင်းဆုံး ကတော့ ရွှေရောင် စက္ကူမှာ ရေးတာ အကောင်းဆုံးပဲ။ ပြီးရင် ဒီယတြာလေးကို တစ်ပတ်ကို အနည်းဆုံး သုံးကြိမ်လောက် နွားနို့နဲ့ လက္ချမီး ဒေ၀ီကို ပူဇော်ရတယ်။ နို့နဲ့ မပူဇော်ရင် ထောပတ်နဲ့ ပူဇော်ရတယ်။ ပိုပြီး အစွမ်းထက်တာပေါ့ဗျာ။

မိမိအပေါ် စိတ်ကုန်နေသောချစ်သူ- ပြန်လာစေဖို့

မိမိအခန်းထဲမှာ ညဘက်ပြုလုပ်ပါ။
လင်ဗန်းတစ်ချပ်ထဲမှာ သဲထည့်ပါ။
အဲဒီသဲထဲကို ရေထည့်ပြီး ညီညာအောင် ညှိပါ။
၎င်း သဲပေါ်တွင် မိမိ၏ ချစ်သူအမည်ကိုရေးပါ။
ချစ်သူ၏အမည်ပေါ်တွင်နှင်းဆီပန်းတစ်ပွင့်တင်လိုက်ပါ။
၎င်းနှင်းဆီပန်းပေါ်တွင်
ရေခဲတုံးတထွာလောက်တစ်တုံးတင်ပြီး
ကျွန်မရဲ့မေတ္တာရေအေးအေးလေးတွေကြောင့်
မောင် .. အေးချမ်းပါစေလို့ ဆုတောင်ပေးပါ။
ရေခဲတုန်းအရည်ပျော်အောင်စောင့်ပါ။
ပြီးရင် နှင်းဆီပန်းကို မိမိ၏ခေါင်းအုန်းအောက်တွင်
(၃)-၇က်ဆက်တိုက်ထားအိပ်ပါ။
သဲတွေကိုတော့ စွန့်ပစ်လိုက်ပါ။
အဲဒီလိုဆောင်ရွက်လိုက်မယ်ဆိုရင်
သင့်ကိုမေ့လျော့-အချစ်ပေါ့နေတဲ့
သင်၏ချစ်သူဟာ
သင့်ဆီကို အမြန်ဆက်သွယ်လာပါလိမ့်မည်။

မိမိ၏လင်ယောက်ျား(သို့)ချစ်သူ မိမိအနားကပ်စေသောယတြာ

ခုံလေးတစ်လုံးပေါ်မှာ
လင်ဗန်းတစ်ချပ်ချ။(လင်ဖမ်းတဲ့ဓာတ်)
လင်ဗန်းထဲမှာ
သင်...၀တ်ထားသော
နားကပ်-ကိုထည့်ပါ။။(အနားကပ်တဲ့ဓာတ်)
ရေသန့်သန့်ထည့်ပါ။
အဲဒီရေကို သင်၏..
လင်ယောက်ျား။(သို့)ချစ်သူကို
တိုက်လိုက်ပါ။
အရမ်းအနားကပ်နေရော့။

အချစ်ရယ်ချမ်းသာခြင်းရယ်ကျန်းမာရေးရယ်

သော့သုံးချောင်းကိုတွဲပြီး
ဆောင်ထားခြင်းဟာ
ချစ်ခြင်းမေတ္တာ
ချမ်းသာခြင်း
ကျန်းမာရေးစသော
တံခါးကြီးသုံးခုကို
ဖွင့်လှစ်နိုင်ခြင်းတဲ့
အဲဒီလိုဆိုပါတယ်

အချစ်ရေးအဆင်ပြေစေရန်

မိမိချစ်သောသူကိုအာရုံပြု၍(လိုလာ) ဟူ၍၁၂-ခွန်းရွတ်ပါ။

မျက်နှာပွင့်

လတ်တလော
ကျော်ကြား-အောင်မြင်နေသော
မင်းသမီးတစ်ဦး၏ပုံ၏
မျက်နှာ(သို့မဟုတ်)ရင်ဘတ်မှာ
သင်၏ ဓါတ်ပုံကို ကပ်ထားလိုက်ပါ။
မိမိမွေးနေ့ (9;45) မှာ ကပ်ပါ။
အောင်မြင်ခြင်းတွေ ဓာတ်ကူးတဲ့သဘောလို့ဆိုပါတယ်။

ခြေမြဲစေရန်

ခြေမြဲစေလိုသောသူ၏
ခြေရာမှုန့်အား
၎င်း၏အ၀တ်အစားနှင့်ပတ်၍
နေကြာပင်စိုက်ထားလိုက်ပါ။
အနေကြာတဲ့ ဓာတ်သဘာဝပါ။

မကောင်းသောမိန်းမအားစွဲလန်းနေသူအတွက်


နွေရာသီ၏ပူပြင်းလှသော နေ့တစ်နေ့တွင် ကျွန်ုပ်သည် အခန်းတွင် တစ်ယောက်တည်းထိုင်၍ စာအုပ် တစ်အုပ်ကို ဖတ်နေမိ၏။ ထိုစာအုပ်၏ အမည်မှာ (SARIRAKA SASTRA) ခေါ် ဆာရီ ရေခါသျှတ္တရ ဟုအမည်ရလေ၏။ ထိုစာအုပ်မှာ အဘမင်းသိင်္ခ၏ မရမ်းတလင်းလက္ခဏာ အနှစ် သာရများကို ပုံနှင့်တကွဖော်ပြထား လေ၏။ လူသားတို့၏ လက်ဖ၀ါးပြင်တွင် အင်မတန် သေးငယ်သော ဘ၀အပြောင်းအလဲများကို ဖြစ်ပေါ် စေသော လက္ခဏာအမှတ် သားများကို ဖော်ပြထား သော စာအုပ်ဖြစ်လေ၏။

ထိုစာအုပ်ထဲတွင် လက္ခဏာပုံများကို လက်ယာဘက်၊လက် ၀ဲဘက်နှင့် လက်ချောင်းလေးများတွင် ပေါ်ပေါက် နေသော သင်္ကေတစသည်ဖြင့် အသေးစိပ်ဖော်ပြထားလေ၏။ ထိုစာအုပ်ကို ဖတ်ရင်းနှင့် လက္ခဏာပညာ၏ လေးနက်ပုံ၊ အသေးစိပ်ပုံ၊ နက်ရှိုင်းပုံ၊ ကျယ်ဝန်းပုံတို့ကို သိခွင့်ရလေတော့၏။

ထိုအချိန်တွင် ကျွန်ုပ်၏အခန်းထဲသို့ အသက်အားဖြင့် (၄၅) နှစ်ခန့်ရှိသော အမျိုးသမီးတစ်ဦး ၀င်ရောက် လာလေ၏။ထို့နောက် ၎င်းအမျိုးသမီးက ကျွန်ုပ်အား အောက်ပါအတိုင်း ပြောပြလေ၏။ ဗေဒင်ကို ကိုယ်စား မေးချင်လို့ပါဆရာ။ ကျွန်မအတွက် မေးမှာမဟုတ်ပါဘူး။ သားအတွက်မေးမှာပါ။ ပြီးတော့ အကူအညီလေးပါ တောင်းပါရစေဟု ပြောလေ၏။

ကျွန်မရဲ့ သားလေးကို ကူညီပေးစေချင်ပါတယ်။ သူက အသက်(၁၈)-နှစ်ရှိပါပြီ။ အိမ်ထောင်မရှိသေးပါဘူး။ လူပျိုလူလွတ် ပါ။ အခု သူက မိန်းမတစ်ယောက်ကို ကြိုက်နေပါတယ်။ ကျွန်မ သဘောမတူနိုင်ပါဘူးဆရာ။ ဘာကြောင့်လည်းဆိုတော့မကောင်းတဲ့ မိန်းကလေးဖြစ်နေလို့ပါ။ လင်တွေဆိုတာလည်း တစ်ယောက်ပြီးတစ် ယောက်ယူနေတာ အခု ဘယ်နှစ်ယောက်ရှိနေပြီလဲ။ မကောင်းတာတောင် လုပ်စားနေတယ်လို့ ပြောကြ တာပဲ။ အသက် ဆိုရင်လည်း ကျွန်မသားနဲ့က အမေနဲ့ သားလောက်ကိုရှိပါတယ်။

အဲဒါကို ကျွန်မသားလေးကို ပြောပြတယ်။ လုံးဝကိုပြောလို့မရဘူး။ အခု အမေကိုတောင် ပြန်ပြီး ရန်လုပ် နေတယ်။ ပြန်အော်နေပြီဆရာရယ်။ အဲဒီအတွက် အရမ်း စိတ်ဆင်းရဲနေရပါတယ်။ အဲဒါ ကျွန်မသားလေး အဲဒီ မကောင်းတဲ့မိန်ကလေးကို မစွဲလမ်းအောင် သူ့ရင်ထဲမှာ အဲဒီမိန်းကလေးကို အကြောင်းပြုပြီး ဖြစ်ပေါ်နေတဲ့ ဒီစိတ်သောကတွေ အားလုံးကို အေးချမ်းသွားအောင် ကူညီပေးပါဟု ပြောလေ၏။ ကျွန်ုပ်လည်း ဘ၀၏မီးတောက်မီးလျှံများကို ငြိမ်းအေးစေသောကိစ္စများတွင် အသုံးပြုရသော အင်းစမတော်ကြီးကို မှိုင်းကိုင်စက္ကူတွင် အောက်ပါအတိုင်း ရေးစွဲကာ အသင့်ဆောင်ထားသော ဆေးဖယောင်းများကို ကျိုချက်၍ အင်းဖယောင်းတိုင် စီရင်ပေးလိုက်လေ၏။


ထိုစမတော်ကို ကျွန်ုပ်တို့၏ အဘမင်းသိင်္ခက နေသူရိန်ဟု အမည်ပေးထား၏။ ထိုစမတော်သည် ဘ၀၏မီးတောက်မီးလျှံများ တဏှာရမက်၊အမျက်ဒေါသစသည်တို့ကို ထိမ်းချုပ်ရသောအခါ၌ အသုံးပြုရသော အင်းစမတော်ဖြစ်လေသည်။

ထိုအမျိုးသမီးသည် ကျွန်ုပ်စီရင်ပေးလိုက်သော ထိုအင်းဖ ယောင်းတိုင်ကို သူ့သား၏ အိပ်ယာခေါင်းရင်းတွင် ထွန်း၍ ဆုတောင်းသည့်နောက်ပိုင်းတွင် သူ၏သားဖြစ်သူ၏ရင်ထဲတွင် ဖြစ်ပေါ်နေသော ပူလောင်သော စိတ်များ၊မကောင်းသော စိတ်များသည် အံ့သြဖွယ်ပြေပျောက်၍ ငြိမ်းအေးသွားသည်ဟူ၏။

ထို့ကြောင့် ကျွန်ုပ်၏မိတ်ဆွေများလည်း ဤကဲ့သို့အခက်အခဲများ မိမိတို့၏မိသားစု သို့မဟုတ် ပတ်ဝန်း ကျင် တွင် ကြုံတွေရပါက အထက်ပါ အင်းစမတော်ကို မိတ္တူကူးယူ၍ ယုံကြည်စွာ ဆောင်ရွက်နိုင်ပါကြောင်း…..

အလုပ်မလုပ်သောလင်အတွက်အင်းဖယောင်းတိုင်


တစ်နေ့သ၌ မတွေ့ရသည်မှာ ကြာပြီဖြစ်သော ကျွန်ုပ်နှင့် မောင်နှမ အရင်းအခြာများပမာ ရင်းနှီးခင်မင် ရသော အေးသီတာအောင်ဟု အမည် ရသော မိန်းကလေးတစ်ဦး ရောက်ရှိလာလေ၏။ ကျွန်ုပ်လည်း ၀မ်းသာအားဖြင့်…..
ဟေ့ … လာဟေ့ အေးသီတာ။ မတွေ့ရတာလည်း ကြာပေါ့။ ဘာတွေ အလုပ်ရှုပ်နေတာလဲဟု မေးလိုက် လေ၏။
ထိုအခါ အေးသီတာက….
ဒီလိုဆရာရေ…။ ကျွန်မ ဆရာနဲ့ မတွေ့ရတဲ့ ဒီလေးငါးလလောက်အတွင်း ကျွန်မရဲ့အခြေအနေတွေ တော်တော်လေး ပြောင်းလဲသွားခဲ့တယ်။ အခု ကျွန်မ အိမ်ထောင်ကျသွားပြီ ဆရာရေ..ဟု ပြောလေ၏။

ထိုအခါ ကျွန်ုပ်က….
ဟ…တယ်ဟုတ်ပါလားအေးသီတာရဲ့။ ကဲ…နင့်ယောက်ျား အခြေအနေ ပြောပြစမ်းပါဦးဟု ကျွန်ုပ်က ပြောလိုက်ရာ အေးသီတာက..

အင်း… ကျွန်မယောက်ျားအကြောင်းပြောရရင်တော့ ကျွန်မယောက်ျားက အရက်သောက်ဘို့ မပြောနဲ့ ဆေးလိပ်တွေ ကွမ်းတွေတောင် မစားတတ်ဘူး။ လောင်းကစားလည်း လုံး၀၀ါသနာမပါဘူး။ မိန်းမဆိုရင်လည်း ကျွန်မကလွဲရင် ကျန်တဲ့မိန်မ ဖွဲနဲ့ဇကွဲပဲ။ ယောင်လို့တောင်လှည့်မကြည့်ဘူးဟုပြောလေ၏။

ထိုအခါ ကျွန်ုပ်က….
လင်ရ ကံကောင်းလှချဉ်လားဟဲ့။ အမလေး အဲဒီလိုလင်မျိုး လိုချင်လို့ လိုက်ရှာမယ်ဆိုရင်တော့ ထမင်းထုပ် သိုးသွားမယ်။ တွေ့မှာတော့ မဟုတ်ဘူးဟု ကျွန်ုပ်က ပြောလိုက်လေရာ အေးသီတာက…

ကျွန်မယောက်ျားက မကောင်းတာဆို ဘာတစ်ခုမှ မလုပ်တတ်ဘူး။ အဲဒီလိုပဲ ကောင်းတာလည်း ဘာတစ်ခုမှ ကို မလုပ်ဘူးဆရာရေဟု ပြန်ပြောလိုက်လေ၏။

သေသေချာချာ ပြောစမ်းပါဦး အေးသီတာရဲ့ဟု ကျွန်ုပ်ကပြောလိုက်သောကြောင့် အေးသီတာသည် သူ၏ ချစ်လှစွာသော လင်ယောက်ျား အကြောင်းကို အောက်ပါအတိုင်း ပြောပြလေတော့၏။

ဒီလို ဆရာရေ။ ကျွန်မအမျိုးသားနာမည်က ကိုမင်းမောင်တဲ့။ သူက တော်တော်လေး ရိုးသားပါတယ်။ အစောက ကျွန်မပြောသလို မကောင်းတာ ဘာတစ်ခုမှ မလုပ်တတ်ရှာပါဘူး။ ကျွန်မအပေါ်လည်း အတော် ကောင်းရှာပါတယ်။ ဒါပေမယ့်ဆရာရယ် သူက အလုပ်တော်တော်ပျင်းတယ်။ တလမှာ ၁၀-ရက်လောက် အလုပ် နားတယ်။ အလုပ်မှာ နဲနဲလေးပင်ပန်းလာပြီဆိုရင် နားတော့တာပဲ။ အခု အလုပ်ပြောင်းတာလည်း ဘယ်နှစ်ခုရှိပြီလဲ။

အခုလည်း အိမ်ထောင်ကျတာ ဘယ်နှစ်လမှ မရှိသေးဘူး။ ထိုင်စားနေတာ ဘယ်နှစ်လရှိပြီလဲ။ ကျွန်မတစ် ယောက်ထဲ လုပ်နေရတာ အဆင်မပြေဘူး ဆရာရေ။ အလုပ်လုပ်ပါဆိုတော့ နေ့ရွေ့ ညရွေ့နဲ့။ အဲဒါဆရာရေ။ ကျွန်မယောက်ျားကို မပျင်းအောင် အလုပ်ကြိုးစား ချင်စိတ်ပေါက်အောင် တစ်ခုခု လုပ်ပေးပါဆရာရယ်ဟု ပြောလေ၏။

ထို့ကြောင့် ကျွန်ုပ်လည်း အလုပ်ပျင်းသော အေးသီတာ၏ လင်တော်မောင်အတွက် အသင့် စီမံထားသော ဆေးဖယောင်းများကို ကြိုချက်၍ အောက်တွင်ဖော်ပြထားသော အင်းစမတော်ကြီးဖြင့် အင်းဖယောင်းတိုင် များပြုလုပ်၍ ပေးလိုက်လေ၏။



ထိုနေ့မှစ၍ ကိုမင်းမောင်ဆိုသူသည် အလုပ်မလုပ်ရလျှင် မနေနိုင်သောကြောင့် မရှိရှိတာရှာဖွေ၍ လုပ်နေ တော့သည်ဟူ၏။

ချစ်လှစွာသော မိတ်ဆွေများခင်ဗျား….
သင်တို့၏ မိသားစုများထဲတွင် တစ်စုံတစ်ယောက်သည် အလုပ်ပျင်း သည်ဆိုပါက အထက်တွင် ဖော်ပြထား သော အင်းစမတော်ကို မိတ္တူကူးယူ၍ ဖယောင်းတိုင်တွင်ပတ်ကာ မီးထွန်း ဆုတောင်းနိုင်ပါကြောင်း။

အချစ်စစ်အချစ်မှန်ရှာဖွေနေသောသူများအတွက်


တစ်နေ့သ၌ မဟာချိုင် နေ၀စ်ရှိ ကျွန်ုပ်၏ ဗေဒင်လက္ခဏာ ဟောခန်းကလေးရှိရာသို့ အသက်အားဖြင့် (၂၄)နှစ် ခန့်ရှိသော ရုပ်ရည်ချောမောလှပသော အင်ကြင်းမေဟုအမည်ရသော မိန်းကလေးတစ်ဦး ရောက်ရှိလာပြီးလျှင် ကျွန်ုပ်အား အောက်ပါအတိုင်း ပြောပြ၍ အကူအညီတောင်းလေ၏။

ဆရာရေ ကျွန်မကတော့ စကားပြောရင် ပွင့်ပွင့်လင်းလင်းပဲ ပြောတတ်တယ်။ အခုလည်း ကျွန်မဆရာကို ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်ဟု ပြောလေ၏။
ထိုအခါကျွန်ုပ်ကလည်း ပွင့်ပွင့်လင်းလင်းပြောတာ ကောင်းပါတယ်။ အားမနာပါနဲ့ ပြောပါဟု ပြန်ပြော လိုက်လေ၏။
ဒီလိုပါဆရာ။ ကျွန်မတို့ အလုပ်ရုံမှာ ကိုဟိန်းဇော်ဆိုတဲ့ လူတစ်ယောက်ရှိပါတယ်။သူက ရုပ်လည်း ဖြောင့်တယ်။
စကားပြောလည်း အရမ်းကောင်းတယ်။ ခပ်လှမ်းလှမ်းက မသိမသာ ကြည့်လိုက်မယ်ဆိုရင် ရုပ်ရှင်မင်းသား လူမင်းလိုလို တောင် ထင်ရတယ်။ ဆံပင်ကလည်း အရှည်နဲ့။ ခေတ်စကားနဲ့ ပြောရရင်တော့ ဒီဘဲကြီး အရမ်းမိုက်တယ်ဆရာ။
အဲ… သူ့ကိုမြင်ရင် မကြိုက်တဲ့မိန်းကလေးဆိုတာ မရှိသ လောက်ပါပဲ။ တွေ့တဲ့မိန်းကလေးတိုင်းကကြွေတော့တာပဲ ဆရာ။ အဲဒီအထဲမှာတော့ ကျွန်မက အဆိုးဆုံးပါပဲ။ အရူးအမူးပဲ။
ဒါပေမယ့်ဆရာရယ်။ အဲဒီကိုဟိန်းဇော်ကတော့ ရိုးရိုးသား သားပါပဲ။သူကတော့ ဒီနေ့အထိ ဘယ်မိန်းကလေးကိုမှ စိတ်ဝင် စားတဲ့ပုံ မပြပါဘူး။ မိန်းကလေးတွေကတော့ ထုံးစံအတိုင်း ပေါ့ဆရာရယ်။
အထာပေးကြတာပေါ့ဆရာရယ်။ လစ်ပိုဝယ်တိုက်ရတာနဲ့။ ဒီခေါင်းလျှော်ရေးလေး ကောင်းတယ်ဆိုပြီး ၀ယ်လာပေးရတာနဲ့။ နေ့တိုင်း ဖုံးဆက်ရတာနဲ့။ အစုံပါပဲ။

ဒါပေမယ့် အဲဒီကိုဟိန်းဇော်ကြီး ကြည့်ရတာ အထာပေးလို့ ပေးမှန်းလည်း မသိဘူးထင်ပါတယ်ဆရာရယ်။ ရိုးတာလား အတာလား ဘယ်လို ပြောရမှန်းတောင်မသိတော့ပါဘူး။
အဲဒီအထဲမှာတော့ ကျွန်မက အဆိုးဆုံးပဲ။ ကျွန်မကတော့ သူ့ကိုတကယ်ချစ်တာနော်။ သူများတွေလို အပေါ်ယံမဟုတ်ဘူး။

အရမ်းချစ်တာ။ အချိန်ပြည့် သူ့အကြောင်းပဲ ခေါင်းထဲမှာ ရှိနေတယ်။ သူ့အကြောင်းလေးတွေ စဉ်းစားနေရရင် အရာရာ ပြည့်စုံနေသလိုပဲ။ လုံငန်မှာ သူ့ကိုမြင်ရရင် အမောပြေတယ်။ မတွေ့ရတဲ့ရက်တွေမှာဆိုရင် တစ်ရက်ကို တကမ္ဘာလောက်ကြာ တယ်တောင်ထင်ရတယ်ဟု ပြောလေ၏။
လိုရင်းကိုပြောမယ်ဆရာ။ အခုကျွန်မစိတ်အရမ်း ပူနေတယ်။ ဒီပြင့်မိန်းကလေးတစ်ယောက်ယောက်က သူ့ရဲ့ အချစ်ကိုဦးသွား မှာအကြောက်ဆုံးပဲ။

အခု ကျွန်မလိုအပ်နေတာက သူက ကျွန်မကို မေတ္တာရှိပြီး ချစ်ရေးဆိုလာအောင် လုပ်ပေးပါဆရာရယ်ဟု ပြောလေတော့၏။
ထို့ကြောင့် ကျွန်ုပ်သည်လည်း အသင့်စီစဉ်ထားသော ဆေး ဖယောင်းများကိုကြိုချက်၍ အောက်ပါအင်းစမတော်ကြီးဖြင့် အင်း ဖယောင်းတိုင်များ စီရင်၍ပေးလိုက်လေတော့၏။
နောင်တွင် သိရသည်မှာ ကိုဟိန်းဇော်ဆိုသောသူသည် အင်ကြင်းမေဆိုသောမိန်းကလေးအား ခိုးပြေးသွားသည်ဟူသတည်း။
ထို့ကြောင့်မည်သူမဆိုအင်ကြင်းမေကဲ့သို့သော အခက်အခဲများ ကြုံတွေ့နေရပါက အောက်တွင်ဖော်ပြ ထားသော အင်းစမ တော်ကြီးကို မိတ္တူကူးယူ၍ မီးထွန်းဆုတောင်းနိုင်ပါကြောင်း။

ထိုစမတော်ကြီးကို အချစ်စစ်အချစ်မှန် ရရှိစေရန်အတွက် မိတ္တူကူးယူ၍ ဆောင်ထားခြင်း၊ အင်းဖယောင်းတိုင်စီရင်၍ မီးထွန်းဆုတောင်းခြင်းများ ဆောင်ရွက်နိုင်ပါကြောင်း။

အေးချမ်းသောအိမ်

ဗေဒင်ဆရာထက် တတ်တဲ့ လူတွေ ဗေဒင်လာမေးမှာ အရမ်းကြောက်ပါတယ်။
အဲဒီလို ပြောလိုက်လို့ အံ့သြသွားတယ် ဟုတ်။ မဟုတ်တာ မပြောပါနဲ့ ဗေဒင်ဆရာရယ် မတတ်လို့ပဲ ဗေဒင်ဆရာဆီကို ရောက်လာခဲ့တာပဲ မဟုတ်ဘူးလားလို့ အဲဒီလို ပြန်မေးကြလိမ့်မယ်ဗျ..။ မဟုတ်ဘူးဗျ။ လူတိုင်းကို အဲလို ပုံသေတွက်လို့မရဘူး။ ကျွန်တော် ဗေဒင်ဆရာ ဘ၀နဲ့ ဗေဒင်ဟောသက်လေး တော်တော် ကြာလာတော့ သတိထားမိတယ်။

တစ်ချို့က ဗေဒင်မေးတာ ရိုးရိုးပဲ မေးတာ။ ဗေဒင် မေးချင်တယ်။ ကံဇာတာ စစ်ပေးပါ။ ကံကောင်း မကောင်း တွက်ကြည့်ပေးပါ။ ဒါ ရိုးရိုး ဗေဒင်မေးတာ ။ သူတို့ သိချင်တာကို ဒဲ့ မေးတာ။ ကျွန်တော်တို့ ဗေဒင်ဆရာတွေ အတွက် အဲဒါက သိပ်မခက်ဘူး။ ကိုယ် ကြိုက်တဲ့ ပညာရပ် တစ်ခုခုနဲ့ တွက်ကြည့်ပေးလိုက်။ ကောင်းရင် ကောင်းတယ်။ မကောင်းဘူး ဆိုရင် မကောင်းဘူး ပြောပြလိုက်။ သူတို့ မေးချင်တဲ့ မေးခွန်းလေးတွေကို စိတ် ရှည်ရှည်နဲ့ ဖြေပေးလိုက် ၊ ယတြာလိုရင် ယတြာ ဆောင်ရွက်ပေး ။ ဒါဆိုရင် အိုကေသွားပြီ။

နောက်တစ်မျိုးကြတော့ အစလာကတည်းက သူတို့ မေးတဲ့ မေးခွန်းတွေက တစ်မျိုး။ ကျွန်မ စနေသက် ရောက် ရောက်နေလို့ ။ တော်တော် ဒုက္ခ ရောက်နေတယ်တဲ့ ။ အဲဒါ ဗေဒင်လေး ဘာလေး တွက်ကြည့် ပေးပါ ဦးတဲ့။ နောက် ကျွန်မက စနေဂြိုဟ်က နောက် ၁၀-နှစ်ကြာမှ လွတ်မှာ ဒုက္ခပဲ ဆရာရယ်။ အဲဒါ အဆောင်လေး ဘာလေး ပေးပါဦးတဲ့။ ကျွန်တော် စိတ်ထဲ ဘုရားတမိတယ်။ ဘုရားရေ ဒီလောက်ဆိုးတဲ့ စနေဂြိုဟ်မှာ ၁၀-နှစ်တောင် နေရမှာဆိုတော့ မလွယ်ပါလားပေါ့။

တစ်ချို့ကလည်း နာမည် ပက္ခတ်မိနေလို့တဲ့။ နိစ်မိနေလို့တဲ့။ ရှားမီးကိန်း ဘာညာ အို အစုံပါပဲ။ ကိုယ်ကလည်း ဘာဟောရမှန်းတောင် မသိတော့ဘူး။ အခု ကျွန်တော် ပြောချင်တာက အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ အကြောင်းတွေ။

ဆရာတဲ့။ ကျွန်မ ယောက်ကျားက သောကြာ ၊ ကျွန်မက တနင်္လာ ဆိုတော့ ဒီယောက်ျားလည်း မြဲမယ် မထင်ပါဘူးတဲ့။ ကျွန်တော်က ဘာဖြစ်လို့လည်း ဆိုတော့ အော်... ဆရာကလည်း ဓမ္မာ သောက အင်းဝ ရာဇာ လေဆရာရဲ့။ သောကြာနဲ့ တနင်္လာက ရန်ဘက်ကျတယ် ဘယ်ကောင်းပါ့မလဲ။ ဒုက္ခ... ကိုယ်လည်း ဘာပြောရမှန်းတောင် မသိတော့ဘူး။ သူတို့ရဲ့ အဲဒီ အစွဲတွေ ဖြုတ်နေရတာနဲပဲ တော်တော် အချိန်ယူရတယ်။

အများကြီးပဲ။ အခု ကျွန်တော် ပြောပြချင်တာက အိမ်ထောင်ရေးမှာ ဇာတာမကိုက်တာတို့ ၊ နက္ခတ် မကိုက် တာတို့။ နေ့နံ မသင့်တာတို့ ။ ဘာပဲ ဖြစ်နေဖြစ်နေ အိမ်ထောင်ရေး ဆိုကြိုးကင်းအောင် အိမ်ထောင်ရေး သာယာအောင် ဆောင်ရွက်ရမယ့် အစီအရင်ကို ပြောချင်တာပါ။

တစ်ချို့ ဗေဒင်ဆရာတွေကလည်း အိမ်ထောင်ဖက် နေ့နံ မသင့်ဘူး ဆိုးကြိုး ဖြစ်မယ်ဆိုပြီး ဟောထည့်လိုက် တယ်။ ဒီမှာက အိမ်ထောင်ကျတာ ၁၀-နှစ်လောက်ရှိပြီ။ ကလေးတောင် ၃-ယောက်လောက် ရနေပြီ။ ဗေဒင် ဆရာ ဟောတာနဲ့ အဲဒီ ယောက်ျားကို ပစ်ထားခဲ့ရမှာလား။ ကွဲပစ်လိုက်ရမလား။ ဘယ်ရမလဲ။ ထားပါတော့ လေ။

အိမ်ထောင်ရေးမှာ ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် အိမ်ထောင်ရေး သာယာချင်တယ်။ ချမ်းမြေ့ချင်တယ် ၊ စည်ပင်ချင်တယ်။ သားသမီးတွေလည်း လိမ္မာပြီး အောင်မြင် တိုးတက်တဲ့ မိသားစု ဘ၀ တစ်ခုကို ကောင်းမွန်စွာ ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အခု ကျွန်တော်ပြောပြတဲ့ အစီအရင်ဟာ အကောင်းဆုံး အမွန်မြတ်ဆုံး ၊ အသင့်တော်ဆုံး၊ အပြစ်အကင်းဆုံး ဖြစ်ပါကြောင်း....

အေးချမ်းသောအိမ်

ဇနီးမယား၏ နေ့နံ အသားဖြင့် ဘုရားပလ္လင် ထုပါ။ အမျိုးသား နေ့နံ အသားဖြင့် ဘုရားထုလုပ်ပါ။ ထိုပလ္လင်နှင့် ဘုရားကို တွဲ၍ အနေကဇာတင်ပြီး မိမိနေအိမ်တွင် ကိုးကွယ်ပါလေ....

စေတနာကောင်းဖြင့်
ဟိန်းတင့်ဇော်

အိမ်ထောင်ရေးဇာတာတိုက်ခြင်း

အိမ်ထောင်ရေး ဇာတာတိုက်ပေးပါတဲ့..။ သမီး ချစ်သူနဲ့ လက်ထပ်ရင် အဆင်ပြေမှာလားတဲ့။ ကျွန်တော့် ကောင်မလေးနဲ့ လက်ထပ်ရင် ဘ၀ တစ်သက်လုံး သာယာမှာလား။ စီးပွား တိုးတက်မှာလား ။ အောင်မြင်တဲ့ မိသားစု တစ်ခု ပိုင်ဆိုင်နိုင်မှာလား ဆိုတဲ့ မေးခွန်းတွေနဲ့ အတူ ဗေဒင်ဆရာဆီကို ရောက်လာကြပါတယ်။

ကျွန်တော် အခု ပြောချင်တာက အိမ်ထောင်ရေး ဇာတာတိုက်ကြည့်မယ့် အကြောင်းပါ။ အဲဒီလို အိမ်ထောင် ရေး ဇာတာတိုက်ကြည့်မယ် ဆိုရင် မြန်မာ့ရိုးရာ ဗေဒင်ပညာမှာ မဟာဘုတ် အထွန်းလုံးကနေ တစ်ဆင့် ယူပြီး တိုင်ထူရတဲ့ နာမက္ခရတိုင် (၀ဲယာတိုင်လို့လည်း ခေါ်ပါတယ်) ကို အရင် သိရမယ်။ နာမက္ခရ တိုင်ဆိုတာ မခက်ပါဘူး။ မြန်မာ မွေးသက္ကရာဇ်သိရင် ရပါပြီ။ အောက်မှာ မြန်မာ သက္ကရာဇ်နှင့် နာမက္ခရတိုင်ကို အသင့် ကြည့်လို့ရအောင် ရေးပေးထားပါတယ်။

အဲဒီမှာ ကိုယ့်မြန်မာ မွေးသက္ကရာဇ်နဲ့ ကိုယ့်ချစ်သူ မြန်မာ မွေးသက္ကရာဇ်ဟာ ဘယ်နာမက္ခရတိုင်လည်း ကြည့်ပေါ့ဗျာ။ ပြီးရင် စာရွက်တစ်ရွက်မှာ (၂)ခု ယှဉ်ရေးထားပေါ့။ ရပြီနော်။

ဘယ်လို ကြည့်ရမှာလဲ ဆိုတော့ ကိုယ့်ရဲ့ နာမက္ခတိုင်မှာ ကိုယ်ချစ်သူရဲ့ နေ့နံဟာ အောက်ဆုံးနှစ်လုံးမှာ တစ်လုံးလုံး ဖြစ်နေခဲ့မယ်ဆိုရင် ဒါမှမဟုတ် ကိုယ့်ချစ်သူရဲ့ နာမက္ခရတိုင်မှာ ကိုယ့်မွေးနံဟာ အောက်ဆုံးနှစ် လုံးမှာ ရောက်နေခဲ့မယ် ဆိုရင် အိမ်ထောင်ရေး ဇာတာ မသန့်ဘူး မကောင်းဘူး ၊ အိမ်ထောင်အပြစ် (၆)ပါး ဖြစ်တတ်တယ်လို့ ကောက်ယူပါတယ်။ အိမ်ထောင်ရေး ဇာတာ မကိုက်ပဲ ယူလိုက်မယ်ဆိုရင် အောက်ဖော်ပြ ပါ အပြစ်(၆)မျိုး ဖြစ်တတ်တယ်လို့ ဆိုလိုပါတယ်။
(၁)...အိမ်ထောင်မမြဲတတ်ခြင်း။
(၂)...သားကောင်း ၊ သမီးကောင်း မထွန်းကားခြင်း။
(၃)...စီးပွားရေး မတိုးတက်ခြင်း။
(၄)လင်မယားနှစ်ဦးအနက် တစ်ဦးဦး ကျန်းမာရေး အလွန်ညံ့ခြင်း။
(၅)အိမ်ထောင်ရေး ဖောက်ပြန်ခြင်း။
(၆)အိမ်ထောင်ဖက် နှစ်ဦးစလုံးအား ပတ်ဝန်းကျင်က မလေးစားခြင်း ဆိုတာတွေ ဖြစ်တတ်တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ပထမဆုံး မွေးသက္ကရာဇ်နဲ့ နာမက္ခရတိုင်ကို တွဲစပ်၍ အရင်ဆုံး ဖော်ပြပေးပါ့မယ်။




၁၂၈၃ ၊ ၁၂၉၀ ၊ ၁၂၉၇ ၊ ၁၃၀၄ ၊ ၁၃၁၁ ၊ ၁၃၁၈ ၊ ၁၃၂၅ ။
၁၃၃၂ ၊ ၁၃၃၉ ၊ ၁၃၄၆ ၊ ၁၃၅၃ ၊ ၁၃၆၀ ၊ ၁၃၆၇ ၊ ၁၃၇၄။
၁၃၈၁ ၊ ၁၃၈၈ ၊ ၁၃၉၅ ၊ ၁၄၀၂ ၊ ၁၄၀၉ ၊ ၁၄၁၆ ၊ ၁၄၂၃ ။
၁၄၃၀ ၊ ၁၄၃၇ ၊ ၁၄၄၄ ၊ ၁၄၅၁ ၊ ၁၄၅၈ ၊ ၁၄၆၅ ၊ ၁၄၇၂။






၁၂၈၄ ၊ ၁၂၉၁ ၊ ၁၂၉၈ ၊ ၁၃၀၅ ၊ ၁၃၁၂ ၊ ၁၃၁၉ ၊ ၁၃၂၆ ။
၁၃၃၃ ၊ ၁၃၄၀ ၊ ၁၃၄၇ ၊ ၁၃၅၄ ၊ ၁၃၆၁ ၊ ၁၃၆၈ ၊ ၁၃၇၅။
၁၃၈၂ ၊ ၁၃၈၉ ၊ ၁၃၉၆ ၊ ၁၄၀၃ ၊ ၁၄၁၀ ၊ ၁၄၁၇ ၊ ၁၄၂၄ ။
၁၄၃၁ ၊ ၁၄၃၈ ၊ ၁၄၄၅ ၊ ၁၄၅၂ ၊ ၁၄၅၉ ၊ ၁၄၆၆ ၊ ၁၄၇၃။





၁၂၈၅ ၊ ၁၂၉၂ ၊ ၁၂၉၉ ၊ ၁၃၀၆ ၊ ၁၃၁၃ ၊ ၁၃၂၀ ၊ ၁၃၂၇ ။
၁၃၃၄ ၊ ၁၃၄၁ ၊ ၁၃၄၈ ၊ ၁၃၅၅ ၊ ၁၃၆၂ ၊ ၁၃၆၉ ၊ ၁၃၇၆။
၁၃၈၃ ၊ ၁၃၉၀ ၊ ၁၃၉၇ ၊ ၁၄၀၄ ၊ ၁၄၁၁ ၊ ၁၄၁၈ ၊ ၁၄၂၅ ။
၁၄၃၂ ၊ ၁၄၃၉ ၊ ၁၄၄၆ ၊ ၁၄၅၃ ၊ ၁၄၆၀ ၊ ၁၄၆၇ ၊ ၁၄၇၄။





၁၂၈၆ ၊ ၁၂၉၃ ၊ ၁၃၀၀ ၊ ၁၃၀၇ ၊ ၁၃၁၄ ၊ ၁၃၂၁ ၊ ၁၃၂၈ ။
၁၃၃၅ ၊ ၁၃၄၂ ၊ ၁၃၄၉ ၊ ၁၃၅၆ ၊ ၁၃၆၃ ၊ ၁၃၇၀ ၊ ၁၃၇၇။
၁၃၈၄ ၊ ၁၃၉၁ ၊ ၁၃၉၈ ၊ ၁၄၀၅ ၊ ၁၄၁၂ ၊ ၁၄၁၉ ၊ ၁၄၂၆ ။
၁၄၃၃ ၊ ၁၄၃၀ ၊ ၁၄၄၇ ၊ ၁၄၅၄ ၊ ၁၄၆၁ ၊ ၁၄၆၈ ၊ ၁၄၇၅။





၁၂၈၇ ၊ ၁၂၉၄ ၊ ၁၃၀၁ ၊ ၁၃၀၈ ၊ ၁၃၁၅ ၊ ၁၃၂၂ ၊ ၁၃၂၉ ။
၁၃၃၆ ၊ ၁၃၄၃ ၊ ၁၃၅၀ ၊ ၁၃၅၇ ၊ ၁၃၆၄ ၊ ၁၃၇၁ ၊ ၁၃၇၈။
၁၃၈၅ ၊ ၁၃၉၂ ၊ ၁၃၉၉ ၊ ၁၄၀၆ ၊ ၁၄၁၃ ၊ ၁၄၁၄ ၊ ၁၄၂၇ ။
၁၄၃၄ ၊ ၁၄၃၁ ၊ ၁၄၄၈ ၊ ၁၄၅၆ ၊ ၁၄၆၂ ၊ ၁၄၆၉ ၊ ၁၄၇၆။






၁၂၈၈ ၊ ၁၂၉၅ ၊ ၁၃၀၂ ၊ ၁၃၀၉ ၊ ၁၃၁၆ ၊ ၁၃၂၃ ၊ ၁၃၃၀ ။
၁၃၃၇ ၊ ၁၃၄၄ ၊ ၁၃၅၁ ၊ ၁၃၅၈ ၊ ၁၃၆၅ ၊ ၁၃၇၂ ၊ ၁၃၇၉။
၁၃၈၆ ၊ ၁၃၉၃ ၊ ၁၄၀၀ ၊ ၁၄၀၇ ၊ ၁၄၁၄ ၊ ၁၄၁၅ ၊ ၁၄၂၈ ။
၁၄၃၅ ၊ ၁၄၃၂ ၊ ၁၄၄၉ ၊ ၁၄၅၇ ၊ ၁၄၆၃ ၊ ၁၄၇၀ ၊ ၁၄၇၇။





၁၂၈၂ ၊ ၁၂၈၉ ၊ ၁၂၉၆ ၊ ၁၃၀၃ ၊ ၁၃၁၀ ၊ ၁၃၁၇ ၊ ၁၃၂၄ ။
၁၃၃၁ ၊ ၁၃၃၈ ၊ ၁၃၄၅ ၊ ၁၃၅၂ ၊ ၁၃၅၉ ၊ ၁၃၆၆ ၊ ၁၃၇၃။
၁၃၈၀ ၊ ၁၃၈၇ ၊ ၁၃၉၄ ၊ ၁၄၀၁ ၊ ၁၄၀၈ ၊ ၁၄၁၅ ၊ ၁၄၂၂ ။
၁၄၃၀ ၊ ၁၄၃၇ ၊ ၁၄၄၃ ၊ ၁၄၅၀ ၊ ၁၄၅၇ ၊ ၁၄၆၄ ၊ ၁၄၇၁။



ကောင်းပြီနော်..။ အဲဒီလို ကြည့်လို့ရပြီဆိုရင် နှစ်ဦးစလုံးရဲ့ နာမက္ခရတိုင်ကို အောက်မှာလို ယှဉ်ချထားပေါ့။ အောက်မှာ တွေ့တဲ့ အတိုင်း နာမက္ခရတိုင်မှာ ကြည့်လိုက်လို့ (က) နဲ့ (ခ) မှာ ရောက်နေတယ်ဆိုရင် အိမ်ထောင်ရေးအတွက် မကောင်းဘူး။ အိမ်ထောင်ရေး ဇာတာ မသန့်ဘူး ။အကျိုး မဖြစ်ဘူးလို့ မြန်မာ့ရိုးရာ ဗေဒင်ပညာက ဆိုပါကြောင်း......



အိမ်ထောင်ပြုပြီးတဲ့နောက် ဤကဲ့သို့ ဇာတာမတိုက်ဆိုင်သောကြောင့် အိမ်ထောင်အပြစ် (၆)မျိုးနှင့် ကြုံတွေ့နေရသောကြောင့် အခက်အခဲ ကြုံတွေ့နေရသော သူများအတွက် အေးချမ်းသောအိမ် ဆိုသော ယတြာကို မကြာခင် ရေးသား ဖော်ပြပေးသွားမည် ဖြစ်ပါကြောင်း...

စေတနာကောင်းဖြင့်
ဟိန်းတင့်ဇော်